ဧပြီလရဲ့ ပထမဆုံးသော ရက်ဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့မှာတော့ ကမ္ဘာအနှံ့အပြားမှာသာမက မြန်မာနိုင်ငံမှာပါ ပျော်ရွှင်စရာကောင်းတဲ့ စနောက်ခြင်းများ၊ အရူးလုပ်ခြင်းများ ပြုလုပ်ကြတာ တွေ့ရပါတယ်။
အဲဒီလို စနောက်ခြင်းများထဲမှာ မြန်မာနိုင်ငံရဲ့ ပရိသတ်ချစ် အနုပညာရှင်တွေ ဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ “Relationship” တင်ထားတာ တွေ့ရပြီး၊ ဖွေးဖွေးကတော့ “နိုင်ငံခြားကို အပြီးပြောင်းနေတော့မလို့ လွမ်းနေမယ်” ဆိုပြီး စနောက်ခဲ့ကြပါတယ်။ အဆိုတော် G Fatt ရဲ့ ချစ်သူ နန်းဆုရတီစိုးကလည်း “ဒီတခါတကယ် ပြတ်သွားတာပါနော်။ Single is the best ပါ။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ”လို့ ရေးသားထားတာ တွေ့ရပါတယ်။
April Fools’ Day နဲ့ပတ်သက်ပြီး အနုပညာရှင်တချို့ရဲ့ ခံစားချက်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
မေမြတ်နိုး
“Apirl Fool နဲ့ ပတ်သက်ပြီးတော့ အမှတ်တရကတော့ အများကြီး မရှိဘူး။ အရူးလုပ်ခံရတာတော့ မရှိခဲ့ပါဘူး။ ဘာမှာတော့ ခံစားချက် မရှိပါဘူး။ ဧပြီလဆိုရင်တော့ သြင်္ကန်ရှိတော့ ပျော်တယ်”လို့ မေမြတ်နိုးက ပြောပါတယ်။
စံရတီမိုးမြင့်
“သဲသဲ ဒီလိုနေ့ဆိုရင် ဘယ်ဟာကိုမှ မယုံဘူး။ ဘယ်သူ ဘာပြောပြော မယုံဘူး။ ကိုယ်လည်း ဘာခံစားချက်မှ မရှိဘူး။ မျက်စိတွေ နောက်လို့။ ဧပြီလကတော့ သြင်္ကန်ရှိတယ်ပေါ့။ အဲဒီလောက်ပါပဲ။ သြင်္ကန်မှာဆိုရင်လည်း အိမ်မှာနေရင်နေ မနေရင် ခရီးထွက်တယ်ပေါ့။ အဲဒီလောက်ပါပဲ။ ထူးထူးခြားခြားတော့ မရှိဘူး။ အဓိကကတော့ ဒီဧပြီလမှာ ကျောင်းတွေ ပိတ်တော့ ကားလမ်းရှင်းတယ်”လို့ စံရတီမိုးမြင့်က ပြောပါတယ်။
စိုင်းစည်တွမ်ခမ်း
“အရူး လုပ်တာကတော့ ကျနော်က သူများကိုလုပ်တာ များတယ်။ သူငယ်ချင်းတွေကို ကျနော် နေမကောင်းဘူး။ ကားတိုက်တယ်။ ဆေးရုံရောက်နေပြီ ဘာညာပေါ့။ နောက်ပြီး ကျနော့် Page ကနေ ကျနော် နိုင်ငံခြားရောက်နေပြီ။ ပြန်မလာတော့ဘူး ဆိုပြီးတော့လည်း တခါလုပ်ဖူးတယ်။ ယုံတဲ့သူလည်း ယုံတယ်။ သိတဲ့သူလည်း သိတယ်”လို့ စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။
“ဧပြီလရောက်ပြီဆိုရင် ပျော်စရာကောင်းတယ်။ ငယ်ငယ်ကဆိုလည်း ကျောင်းပိတ်တော့မယ်ပေါ့။ သြင်္ကန်ရောက်တော့မယ် ဆိုပြီး ပျော်တယ်။ အခုနောက်ပိုင်းလည်း သြင်္ကန်ရောက်ရင် ခရီးထွက်ရမယ်။ မထွက်ရင်လည်း အနည်းဆုံးတော့ ရေပက်ရမယ်ဆိုပြီး ပျော်တယ်”လို့ စိုင်းစည်တွမ်ခမ်းက ဆိုပါတယ်။