Entertainment

“ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းရေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောပြတဲ့ ဘန်နီဖြိုး

FRENZO မှ အဆိုတော်များ ပူးပေါင်းဖန်တီးသီဆိုထားတဲ့ “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းမှာ ကိုယ့်ရဲ့ ချစ်သူ မိန်းကလေးများရဲ့ အလုပ်အကိုင်များကို ပုံဖော်ရေးသား သီဆိုရတာကြောင့် ချစ်သူ မရှိတဲ့ ဘန်နီဖြိုးကတော့ သီချင်းရေးတဲ့အချိန်မှာ ၂ကြောင်းရေးပြီး ဘာဆက်ရေးရမှန် းမသိဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ဒီသီချင်းရေးတုန်းက ၂ကြောင်းရေးပြီးတော့ ဘာဆက်ရေးရမှန်း မသိဘူး။ တစ် သွားတယ်။ Chorus ကတော့ ခြုံပြီးတော့ရေးတာ ကောင်မလေးတွေ လှတယ် ဘာညာပေါ့။ ဒါကတော့ အဆင်ပြေတယ်။ Verse ကျတော့ Professional တခုခု Career တခုခုကို ထည့်ရတော့မယ်ဆိုတော့ ဘာထည့်ရမှန်း မသိတော့ ဟိုလျှောက်ရွတ် ဒီလျှောက်ရွတ်ရင်းနဲ့ ကျနော့်ရဲ့ချစ်သူ စာရင်းကိုင်လေးက အတည်ဖြစ်သွားတာ။ နားထောင်လို့လည်းကောင်းတယ်။ စာရင်းကိုင်ဆိုတဲ့ Career ပိုပြီးတော့ ကျယ်ပြန့်တယ်လေ။ အဲဒါကြောင့်ရေးဖြစ်သွားတာပါ” လို့ ဘန်နီဖြိုးက ပြောပါတယ်။

ဒီသီချင်းလေးမှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ Snare၊ G Fatt၊ ကိကိ၊ ဂျွန်တို့က သူတို့ ချစ်သူကောင်မလေးများရဲ့ အလုပ်အကိုင်များနဲ့ အလှအပများကို ပုံဖော်ရေးသားသီဆိုထားပြီး Music Video ကိုပြန်လည်ပုံဖော်ရာမှာတော့ အပြင်က လူအစစ်များနဲ့ မရိုက်ကူးဘဲ Animation များနဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။

“အလုပ်အကိုင် တခုချင်းစီကို ပုံဖော်ဖို့တွေရော တယောက်ချင်းစီ အကုန်လုံး အများကြီးပါနေတော့ အဲဒီလူ တွေ အားဖို့ရက် စောင့်ရမှာနဲ့ ကိကိဆိုရင်လည်း သြစတြေးလျမှာ လူမစုံတာတွေ ဖြစ်မယ့်အပြင် ကိုစိုင်း ကိုယ်တိုင်လည်း အဲဒါကို တွေးမိလို့ဖြစ်မှာပေါ့။ Animation နဲ့လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့လည်း သဘောတူတယ်။ တော်တော်ကြာကြာထိကို Animation နဲ့ လုပ်မယ်ဆိုတာကို ပရိသတ်ကို မပြောပြထားဘဲနဲ့ အကုန်ပြီးမှကြေငြာတာ ဖြစ်ပါတယ်” လို့ ဘန်နီဖြိုးက ပြောပါတယ်။

အဆိုပါ Animation နဲ့ ပုံဖော်ထားတာတွေကတော့ သူတို့အကုန်လုံးနဲ့ ကိုက်ညီမှု ရှိနေတဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

“တယောက်ချင်းစီရဲ့ကာရိုက်တာကိုတော့ Pencell က ပုံဖော်တာပါ။ စိုင်းဆိုရင် Show ဆိုတိုင်း မျက်နှာမှာ တိတ်အမည်းလေး ကပ်တတ်တယ်။ ကျနော်ဆိုရင် ယုန်ဆိုတော့ ယုန်ခေါင်း တပ်လိုက်တယ်။ ကိုဂျွန်ဆိုရင် နေပြည်တော်မှာ ဆိုင်ကယ်စီးနေကျဆိုတော့ ဆိုင်ကယ်ကြီးနဲ့ ဖြစ်လာတယ်”

“ထူးခြားချက်တခုက ဘာလဲဆိုတော့ ကိကိရဲ့ကာရိုက်တာကို သူတို့ဆွဲတဲ့အချိန်မှာ သူတို့က ဒီတိုင်းပဲ ဘီလူးရုပ်နဲ့ဆွဲလိုက်တယ်။ အဲဒီမှာ ဘာဖြစ်နေလဲဆိုရင် ကိကိရဲ့မိသားစုလုပ်ငန်းဖြစ်တဲ့ အောင်ကျော်ဇော ရုပ်ရှင်ထုတ်လုပ်ရေးက ဘီလူးရုပ်နဲ့ Logo ကိကိလည်း သိတော့ အံ့သြသွားတယ်။ အကုန်လည်း ဘာဖြစ်လို့မှန်း မသိဘူး။ ကိုက်ညီနေတာ။ ကျေနပ်ပါတယ်” လို့ ဘန်နီဖြိုးက ပြောပါတယ်။

Loading