အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly မြို့မှာ နေထိုင်တဲ့ ကိုသောမတ်စ်မြင့် (ခ) အဆိုတော် ဇယံဓဟာ 24-Hour Fitness တခုမှာ လိင်မဖွယ်မရာ ပြုလုပ်ပြတယ်ဆိုတဲ့ စွပ်စွဲခံရမှုနဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အသက် ၄၉ နှစ်ရှိပြီ ဖြစ်တဲ့ သောမတ်စ်မြင့် (အဆိုတော် ဇယံဓ) ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ ည ၁၁ နာရီ မိနစ် ၃၀ မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ပတ်ဝန်းကျင်မှာ မဖွယ်မရာပြုလုပ်မှုကြောင့် ဖြစ်တယ်လို့ သတင်းပေးခံရတာ ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကောင်လေးတယောက်နဲ့ သံသယရှိသူ အမျိုးသားတဦး ပါဝင်မှုရှိတယ်ဆိုပြီး ရဲတွေကို သတင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ ထပ်မံပြုလုပ်တဲ့ စုံစမ်းမှုတွေမှာ အသက် ၁၆ နှစ်အရွယ် ကောင်လေးဟာ မိသားစုဝင်တယောက်နဲ့ အတူ အဲဒီနေရာကို လာခဲ့တာဖြစ်ပါတယ်။
နားနေခန်းကို ရောက်တဲ့အခါ သောမတ်စ်မြင့် (အဆိုတော် ဇယံဓ) ဟာ အဝတ်ချွတ်ပြီး တကိုယ်ရေ အာသာဖြေမှုကို အသက် ၁၆ နှစ် အရွယ် ကောင်လေး မြင်အောင် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကောင်လေးဟာ အဲဒီ စင်တာမှာရှိတဲ့ ဝန်ထမ်းတဦးကို တိုင်ကြားခဲ့ပြီး ဝန်ထမ်းကတဆင့် ရဲဌာနကို အကြောင်းကြားကာ သံသယရှိသူကို ထွက်မပြေးအောင် ပြုလုပ်ခဲ့ပါတယ်။
သောမတ်စ်မြင့်ကို Maguire Correctional Facility မှာ ကလေးသူငယ် အနှောင့်အယှက်ပြုလုပ်မှုနဲ့ ကိုယ်ထိလက်ရောက် စော်ကားမှုတို့ အတွက် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
အဆိုတော် ဇယံဓကို ဧရာဝတီ သတင်းဌာနမှ အမှုဖြစ်စဉ်အကြောင်း ဆက်သွယ်မေးမြန်းရာမှာတော့ “ရုတ်တရက် တဖက်သတ် စွပ်စွဲထားတာတွေပါ။ ရှေ့နေနဲ့ ဖြေရှင်းနေပါတယ်”လို့ ဆိုပါတယ်။
အဆိုတော် ဇယံဓဟာ အဆိုတော် မေခလာရဲ့ “25th Years” အခွေမှာ “နှစ်ကိုယ့်တစိတ်” သီချင်းနဲ့ ပရိသတ်သိရှိလာပြီး တေးသီချင်းများ သီဆိုခဲ့သလို “မျက်ဝန်းပြာ”ဆိုတဲ့ တကိုယ်တော် တေးစီးရီးလည်း ထွက်ရှိထားပါတယ်။
NBC တွင် ရေးသားထားသော https://www.nbcbayarea.com/news/local/Daly-City-Man-Arrested-on-Suspicion-of-Indecent-Exposure-507930881.html?fbclid=IwAR2SCJgBy5Dyc1V0aEf5OQJtEKu1-6MmtKoI7xkSHtKggndZOKk-bB0Z6e0 သတင်းအား ကိုးကား ဖော်ပြထားပါသည်