အက်ရှင်စွန့်စားခန်း ရုပ်ရှင်တွေကို သဘောကျတဲ့ ပရိသတ်တွေအတွက်တော့ James Carter နဲ့ Yang Lee ဇာတ်ကောင် တွေကို စောင့်မျှော်နေကြပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အခုတော့ နှစ်နဲ့ချီပြီး ဆွေးနွေးမှု တချို့ ပြီးခဲ့တဲ့နောက် အရိပ်အမြွက် တချို့ထွက်ပေးလာတာ တွေ့ရပါတယ်။
မင်းသား Chris Tucker နဲ့ မင်းသား ဂျက်ကီချန်းတို့ကို “Rush Hour 4” ရုပ်ရှင်မှာ ပြန်လည် မြင်တွေ့ရနိုင်ချေ ရှိနေပါတယ်။ အသက် ၄၇ နှစ်အရွယ် မင်းသား Chris Tucker ဟာ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းမှာပဲ အသက် ၆၅ နှစ်အရွယ် မင်းသားကြီး ဂျက်ကီချန်းနဲ့ အတူ ပြန်ဆုံပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံကို တင်ခဲ့ပါတယ်။ ဒါပေမဲ့ ပုံစာတော့ ရေးခဲ့တာ မရှိပါဘူး။
အဲဒီပုံထဲမှာတော့ သူတို့နှစ်ဦးအချင်းချင်း ပုခုံးချင်းဖက်ထားတာကို မြင်တွေ့ခဲ့ရပြီး လက် ၄ ချောင်း ထောင်ထားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲဒီပုံကြောင့် “Rush Hour 4” ရုပ်ရှင်ရိုက်ကူးနိုင်တယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။ မင်းသားကြီး ဂျက်ကီချန်းနဲ့ Chris Tucke တို့ဟာ ၁၉၉၈ ခုနှစ်မှာ Rush Hour ရုပ်ရှင်နဲ့ ပရိသတ်တွေကို စပြီး ရယ်မောစေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယ ရုပ်ရှင်ကိုတော့ ၂၀၀၁ ခုနှစ်မှာ ပြသခဲ့ပြီး တတိယ ရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ ပထမဆုံး ရုပ်ရှင် ၃ ကားရဲ့ ဝင်ငွေကတော့ ဒေါ်လာ ၈၅၀ ဒဿမ ၆ သန်း ရှိပါတယ်။
“Rush Hour 4” ရုပ်ရှင်ရိုက်တော့မယ်ဆိုပြီး ထင်ကြေးပေးပြောဆိုမှုတွေဟာ ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပေမယ့် အကောင်အထည် မပေါ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်မှာတော့ မင်းသားကြီး ဂျက်ကီချန်းက စတုတ္ထမြောက် နောက်ဆက်တွဲရုပ်ရှင် ဖြစ်လာနိုင်တယ်ဆိုပြီး ပြောဆိုခဲ့တာမျိုး ရှိပါတယ်။
အဲဒီအချိန်တုန်းက မင်းသားကြီးချန်းက “လွန်ခဲ့တဲ့ ၇ နှစ်လုံးလုံး ဇာတ်ညွှန်းကို ပယ်ချပြီးရင်း ပယ်ချခဲ့ပါတယ်။ မနေ့တုန်းကတော့ ဇာတ်ညွှန်းကို ကျနော်တို့ သဘောတူခဲ့ကြပါတယ်။ ကျနော်တို့က ဒုတိယအကြမ်းထည် အတွက် လုပ်နေပါပြီ။ နောက်နှစ်မှာ စတင်ပါတယ်။ Chris Tucker သဘောတူမယ်ဆိုရင်ပေါ့” လို့ Power 106 Los Angeles မီဒီယာကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့သာ စတုတ္ထမြောက် Rush Hour ရုပ်ရှင်သာဖြစ်လာမယ်ဆိုရင် ဒါရိုက်တာကတော့ အသစ် တယောက်ဖြစ်လာမှာပါ။ ပထမဆုံး ၃ ကားလုံးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Brett Ratner က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေပြီး Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆက်ဆံရေး ဆိုးရွားနေခဲ့တာပါ။ အခုတော့ Rush Hour 4 အတွက် အလားအလာကောင်းတွေ မြင်တွေ့နေရပြီလို့ ဆိုရမှာဖြစ်ပါတယ်။
Ref: comingsoon.net