မကြာခင်မှာဆိုရင်တော့ မြန်မာ့ရိုးရာအတာသြင်္ကန်ကို ရောက်ရှိလာတော့မှာဖြစ်ပြီး သင်္ကြန်မှာ ပရိသတ်ချစ်တဲ့အနုပညာရှင်များအနေနဲ့ ဘယ်မှာရှိနေမလဲ။ သင်္ကြန်နဲ့ပတ်သက်တဲ့ သူတို့ရဲ့အမှတ်တရ အကြောင်းအရာများ ဆုတောင်းစကားများကိုလည်း ဧရာဝတီကိုအခုလို ပြောပြပေးထားပါတယ်။
မိစန္ဒီ
ဒီနှစ်သင်္ကြန်မှာတော့ မိစန္ဒီ ရန်ကုန် Forever Group မဏ္ဍပ်မှာရှိပါမယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့အမှတ်တရကတော့ မိစန္ဒီတို့ ၁၀တန်းပြီးပြီးချင်းမှာ သူငယ်ချင်းတွေနဲ့ ကန်တော်ကြီးပတ်လမ်းနားက မဏ္ဍပ်မှာ ရေသွားပက်တာ မိစန္ဒီတို့ မဏ္ဍပ်တခုကျော်က ဗုံးပေါက်တယ်။ အသည်းအသန်ပြေးခဲ့ရတယ်။ အဲဒီတုန်းကတော့ တော်တော်အမှတ်တရဖြစ်ပြီး တော်တော်ကြောက်ပါတယ်။
ပရိသတ်ကြီးအားလုံးပဲ ဒီနှစ်သင်္ကြန်မှာ အန္တရာယ်ကင်းဘေးရှင်းပြီးတော့ နှစ်သစ်ကိုကြိုဆိုနိုင်ပါစေ။ ပျော်ရွှင်ခြင်း အသစ်တွေ မျှော်လင့်ခြင်းအသစ်တွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဟိန်းမင်းသူ
သင်္ကြန်မှာ ကျနော်နေပြည်တော်မှာ သီချင်းဆိုမယ်။ ရန်ကုန်မှာတော့ ပွဲတခုပြောထားတာရှိတယ်။ မသေချာဘူး။ နေပြည်တော်မှာက ၂ရက်ဆိုဖြစ်မှာပါ။ သင်္ကြန်အမှတ်တရကတော့ ငယ်ငယ်တုန်းကပဲရှိပါတယ်။ ကြီးလာတော့ မရှိတော့ဘူး။ အလုပ်တွေပဲရှိပါတယ်။ သီချင်းတွေကတော့ ကျနော်ဆိုနေကျသီချင်းတွေထက် ကလို့ကောင်းမယ့် Remix သီချင်းလေးတွေပြန်ဆိုဖို့ရှိပါတယ်။
ဧငြိမ်းဖြူ
သင်္ကြန်မှာ အိမ်မှာပဲနေမှာပါ။ ငယ်ငယ်တုန်းကဆိုရင်တော့ ရပ်ကွက်ထဲမှာ ခွက်စောင်းခုတ်တာပေါ့။ အဲဒါလေးတွေက အမှတ်တရပါပဲ။ ဒါပေမယ့် အိမ်မှာပဲနေဖြစ်တာ ၇နှစ် ၈နှစ်လောက်ရှိပြီ။ သြင်္ကန်မှာ ညီမကိုချစ်တဲ့ ပရိသတ်များ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေ။
မျိုးကိုကိုကျော်
သင်္ကြန်အိမ်တွင်းအောင်းပြီးတော့ ရန်ကုန်မှာပဲနေမယ်။ Gym ဆော့မယ်။ အသားအရည်ကို ကောင်းကောင်းလေး ဖြစ်အောင် ထိန်းသိမ်းမယ်။ သင်္ကြန်မှာ လည်ဖြစ်မယ့် ညီအစ်ကိုမောင်နှမတွေလည်း သြင်္ကန်မှာ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်လေး လည်ကြပါ။ နေကလည်းအရမ်းပူတယ်။ နေဒဏ်တွေရေဒဏ်တွေခံရမှာဖြစ်တဲ့အတွက် အပြင်ထွက်ရင် Suncream လေးတွေလိမ်းပါ။ အရက်သေစာတွေအရမ်းမသောက်ကြပါနဲ့။ မြန်မာနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေ။
ဖိုးပြည့်
ကျနော်ဒီနှစ်သင်္ကြန်ကို ရန်ကုန်မြကျွန်းသာသင်္ကြန်မှာရှိပါမယ်။ ၁ရက်မှာ ၂ပုဒ်လောက်ပဲဆိုရမှာဆိုတော့ မဆိုးဘူး။ ကျန်တဲ့အချိန်တွေလည်ရတာပေါ့။ အမှတ်တရဆိုရင်တော့ တောင်ကြီးမှာဆိုရင်သူငယ်ချင်းတွေစုပြီး စတုဒီသာကျွေးတယ်။ ဖျော်ရည်တွေတိုက်ကြ။ ဘော်ဒါတွေစုပြီးရေပက်တဲ့အရသာကတော့ ငယ်ငယ်တုန်းက အမှတ်တရပဲ။