ဖက်ရှင်ရေစီးကြောင်းများ အမျိုးမျိုး ပြောင်းလဲလာတာနဲ့အမျှ နိုင်ငံအနေအထားနဲ့ သွေဖီပြီး သရုပ်ပျက် ဖက်ရှင်များလည်း ပေါ်ထွက်လာတဲ့အပေါ် ဝါရင့်ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က အခုလို သုံးသပ်ပြောပြထားပါတယ်။
“လွန်ခဲ့တဲ့ နှစ် ၂၀လောက်က အန်တီပေါက်တို့ ဒီဇိုင်းတွေက လည်ပင်းကို ပိတ်ရတယ်။ လက်ကို ရှည်ရတယ်။ ခြေမျက်စိ ဖုံးရတယ်ဆိုတဲ့ အချိန်က လုပ်ခဲ့တာဖြစ်တဲ့အတွက် အခုအချိန်က အများကြီး လွတ်လပ်တယ်လို့ ထင်ပါတယ်။ အဲဒီလွတ်လပ်တယ် ဆိုတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ လုပ်ချင်တာတွေလုပ်၊ ရုပ်ပျက်ဆင်းပျက် ဖက်ရှင်ကို ခေါင်းစဉ်တပ်ပြီးတော့ သရုပ်ပျက်တာမျိုးတွေကိုတော့ အန်တီပေါက်တို့ ကိုယ်တိုင် တယောက်ချင်းစီက စည်းကမ်းရှိရှိနဲ့ လွပ်လပ်မှုရဲ့တန်ဖိုးကို သိပြီးတော့ ထိန်းသိမ်းပြီးတော့ ဖန်တီးဖို့လိုအပ်မယ်လို့ထင်ပါတယ်”
“ကြပ်တည်းတယ်လို့ မမြင်ပါဘူး။ တယောက်ချင်းစီ ရှိရမယ့် ရှိသင့်ရှိထိုက်တဲ့ စည်းကမ်းနဲ့ ကျင့်ဝတ်လို့ ထင်ပါတယ်။ အဲဒီအတွက်ကို အန်တီပေါက်ကတော့ ကျဉ်းကြပ်တယ်လို့မထင်ပါဘူး”လို့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ကပြောပါတယ်။
ဖက်ရှင်များကို ဖန်တီးမယ်ဆိုရင်တောာ့ ကိုယ့်နေထိုင်တဲ့ တိုင်းပြည် ၊ လူမျိုး ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုပုံစံကိုလိုက်ပြီး ဖန်တီးသင့်တယ်လို့ မိုးကုတ်ပေါက်ပေါက်က ဆိုပါတယ်။
“မြန်မာပြည်ရဲ့ဖက်ရှင်ရေစီးကြောင်းကတော့ ဝမ်းသာစရာအကောင်းဆုံးက မြန်မာဝတ်စုံနဲ့ လုံခြည်ကို မြန်မာအမျိုးသမီးတွေ မြတ်မြတ်နိုးနိုးနဲ့ ဆက်ပြီးတော့ ဝတ်နေတဲ့ ကိစ္စပါ။ တိုင်းရင်းသားအထည်တွေ မြန်မာ့ယက္ကန်းထည်တွေကို မြန်မာအမျိုးသမီးတွေ မြတ်မြတ်နိုးနိုးဝတ်နေကြတာ အိမ်နီးချင်းနိုင်ငံတွေထက်စာရင် မြန်မာတွေအများကြီး ဂုဏ်ယူရတဲ့ ကိစ္စလို့ ထင်ပါတယ်။ ယုံကြည်ပါတယ်။ အဲဒီလို ဝတ်တဲ့အတွက် အများကြီးလေးစားပါတယ်”လို့ မိုးကုတ်ပေါက်ပေါက်က ပြောပါတယ်။
ဆက်လက်ပြီး “ နောက်တချက်က နိုင်ငံတကာကို သွားတဲ့လမ်းကြောင်းမှာ အန်တီပေါက်တို့ မြန်မာတွေ အမြဲ ပြောသလို စု ၊ တု ၊ ပြု ပေါ့။ စုဆောင်းလေ့လာရမယ်။ တုပသင့်တာကို တုပရမယ်။ ပြုပြင်သင့်တာကို ပြုပြင်ရမယ်။ အဲဒီလိုလေးပဲ သွားသင့်တယ် ထင်ပါတယ်။ ယဉ်ကျေးမှု မတူ ၊ ရာသီဥတု မတူတဲ့ နေရာမျိုးမှာ အကုန်လုံးကို တထပ်တည်း မိတ္တူကူးပြီးတော့ လိုက်လုပ်မယ်ဆိုရင် တုန့်ပြန်မှုတွေက မကောင်းဘူးပေါ့။ ဒါက ဝေဖန်တာ မဟုတ်ပါဘူး။ အကြံပြုတဲ့သဘောပါ”လို့ ပြောပါတယ်။
မိုးကုတ်ပေါက်ပေါက်ကတော့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးများရဲ့ ပင်တိုင် ဒီဇိုင်နာ တဦးအဖြစ် ရပ်တည်နေပြီး ဖက်ရှင်ပြိုင်ပွဲတွေမှာလည်း ဒိုင်တဦးအနေနဲ့လည်း ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် FGM ဆိုတဲ့ နာမည်နဲ့ မြန်မာချိတ်ဖြင့် ပုံဖော်ထားတဲ့ ဒီဇိုင်းများ ၊ တခြားသော ကိုယ်ပိုင်လက်ရာများကို ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။