နာမည်ကျော် ဟောင်ကောင်မင်းသား Louis Khoo ဟာ ဒါရိုက်တာ David Lam ရိုက်ကူးတဲ့ သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင် “P Storm” မှာ ပြန်လည် ပါဝင်လာပါတယ်။ မင်းသား Louis ကတော့ မကြာသေးခင်တုန်းက မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးသွားတဲ့ “Line Walker 2” ရုပ်ရှင်ထဲက အဓိက သရုပ်ဆောင်လည်း ဖြစ်ပါတယ်။
ဧပြီလ ၄ ရက်နေ့မှာ စတင်ပြသခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ ဧပြီလ ၁၀ ရက်နေ့မှာတော့ ရုံဝင်ငွေ စင်ကာပူ ဒေါ်လာ ၁ ဒဿမ ၆ သန်း ရရှိထားပြီးဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာတော့ သရုပ်ဆောင်တွေအဖြစ် Kevin Cheng, Raymond Lam, Gordon Lam, Chrissie Chau နဲ့ Patrick Tam တို့ ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်းအရာကတော့ ထောင်တွင်း လာဘ်စားမှုကနေ ဘီလီယံနဲ့ချီတဲ့ ငွေကြေးခဝါချမှု ဖြစ်ခဲ့တဲ့ အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ မင်းသား Louis ကတော့ ဟောင်ကောင် စောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ လွတ်လပ်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ အရာရှိတဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ အဲဒီအမှုကို ဖော်ထုတ်နိုင်ဖို့ ရာဇဝတ်သား တယောက်အနေနဲ့ အသွင်ယူရမယ့် ဇာတ်ကောင် ဖြစ်ပါတယ်။
ဗီလိန်အနေနဲ့ကတော့ မင်းသား Raymond Lam က သရုပ်ဆောင်ထားပါတယ်။ “P Storm” ရုပ်ရှင်ဟာ Storm ရုပ်ရှင်စီးရီးရဲ့ စတုတ္ထမြောက် ဇာတ်လမ်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်က တရုတ်ယွမ် သန်း ၁၀၀၊ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်က ယွမ် သန်း ၂၀၀ နဲ့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကတော့ ယွမ် သန်း ၄၅၀ နီးပါး ရရှိခဲ့ပါတယ်။
အဲဒီရုပ်ရှင်ဟာ မတ်လ ၂၅ ရက်နေ့ကစလို့ ဝူဟန်၊ ချုံကျင်းနဲ့ ရှန်ဟိုင်းမြို့တို့ အပါအဝင် မြို့ ၈ ခုမှာ ပရိုမိုးရှင်း နယ်လှည့်ပွဲတခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။
Ref. asiaone