ဇာတ်သဘင်လောကမှာ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ ဇာတ်မင်းသား ဖိုးချစ်က “မိုင်းမောဧကရီ” ရုပ်ရှင်ဇာတ်ကားကို ယခုနှစ် မိုးတွင်းပိုင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး သိန်း ၅၀၀၀ နဲ့ ၇၀၀၀ နီးပါး အသုံးပြုကာ ကုန်ကျခံရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
“ဆရာမောင်ယဉ်အောင်နဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့ ပြောထားတာက “မိုင်းမော ဧကရီ” နဲ့ “ငါသည် အောင်ဆန်း” ၊ “ငါသည် အောင်ဆန်း” ကတော့ ဆရာ စဉ်းစားတုန်း။ “မိုင်းမော ဧကရီ” ကတော့ သေချာပေါက် ရိုက်ဖြစ်မယ်။ အနော်ရထာမင်းနဲ့ ရှမ်းမင်းသမီး စောမွန်လှအကြောင်းကို ရိုက်မှာပါ။ တိုင်းရင်းသား ချစ်ကြည်ရေးတွေလည်း ပါတယ်။ တခမ်းတနား သေချာရိုက်ပြသွားမှာပါ”
“ဆရာ့အနေနဲ့ ဒီဇာတ်ကို မွေးထားတာ ကြာပြီ။ ဆရာ ရိုက်ပေးချင်ကြတာလည်း ကြာပြီ။ အစတုန်းက အယူအဆအမှားတွေ အားလုံးကို ချေဖြတ်မယ်။ ဆရာပြောတာကို ကျနော် ပြန်ပြောပြတာပါ။ ကျနော် ဇာတ်ညွှန်း မဖတ်ရသေးဘူး။ ငွေကြေး အမြောက်အများ အသုံးပြုရပါလိမ့်မယ်။ သိန်း ၅ ထောင်နဲ့ ၇ ထောင်ကြား လောက်သုံးမယ်။ မိုးတွင်း စရိုက်မယ်”လို့ ဖိုးချစ်က ပြောပါတယ်။
“ကျနော် ဆရာ ဦးယဉ်အောင်ရဲ့ အနုပညာတွေ သိပ်လိုချင်တာ။ ဆရာမြို့တော် မောင်ယဉ်အောင်လို အနုပညာရှင်မျိုး မြန်မာနိုင်ငံမှာ အင်မတန်ရှားတယ်။ ငွေကြေး အကျိုးအမြတ်ထက် ဆရာ ဖန်တီးချင်တဲ့ အနုပညာကို ဖန်တီးစေချင်တာ”လို့ ဖိုးချစ်က ဆိုပါတယ်။
သြင်္ကန်ကိုအမှတ်တရနဲ့ မြန်မာဝတ်စားယဉ်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေတခု ပြဋ္ဌာန်းဖို့ထိတောင် ဖြစ်ချင်တာလို့ ပြောပါတယ်။
“သြင်္ကန်တော့ Channel K ရုပ်သံဖွင့်ပွဲ ရန်ကုန်မှာ ရှိမယ်။ နောက်နှစ်ရက် ချင်းတွင်း သြင်္ကန်မှာ ရှိမယ်။ နောက် ၂ ရက်ကတော့ မြကျွန်းသာ သြင်္ကန်မှာရှိပါမယ်။ လမ်းလျှောက် သြင်္ကန်ရှိလာတာလည်း အရမ်းကောင်းတယ်။ ကားတွေနဲ့ သိပ်သွားလာကြတဲ့အခါ မမြင်အပ်တဲ့ အန္တရာယ်တွေ ရှိတယ်။ အဲ့မှာ လမ်းလျှောက်သြင်္ကန်တွေ ရိုးရာယဉ်ကျေးမှု သြင်္ကန်တွေ လုပ်လာတဲ့အတွက် နိုင်ငံအတွက်လည်း ကောင်းတယ်။ ပတ်ဝန်းကျင်အတွက် ကောင်းတယ်”
“ခံစားရတဲ့ ပြည်သူပြည်သားတွေ အားလုံးအတွက်လည်း ကောင်းတယ်လို့ မြင်လာပါတယ်။ သြင်္ကန်အမှတ်တရတွေတော့ သိပ်မရှိပါဘူး။ ငယ်ငယ်တုန်းက ရေပြွတ်တွေနဲ့ ရေပက်ခဲ့ရတာ အမှတ်တရပေါ့။ အသက်ကြီးတော့ အမှတ်တရ သိပ်မရှိတော့ပါဘူး။ ဘယ်လောက်ပဲ ခေတ်ဆန်အောင်သွားသွား ကျနော်တို့က မြန်မာဖြစ်နေတယ်”
“နောက် ရိုးရာသြင်္ကန်လို့ သတ်မှတ်ထားကြတာဆိုတော့ မြန်မာဝတ်စုံလေးတွေနဲ့ ဝတ်ပြီးရေဆော့ကြ အရမ်း ကောင်းတာပေါ့။ ကျနော်တို့ကတော့ ဘယ်လောက်ထိဖြစ်ချင်လည်းဆို သာသနာ့နယ်မြေ ရိုးရာနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုဇုံတွေမှာတော့ ရိုးရာ အဝတ်အစားတွေနဲ့သာ တက်ရောက်သင့်တယ်လို့ ဥပဒေတခု ပြဋ္ဌာန်းဖို့ထိတောင့် ဖြစ်ချင်တာ”
“နိုင်ငံခြားသာတွေလာရင်လည်း ပြောပြလို့ ရှင်းပြလို့ ကောင်းတယ်။ တင်းကျပ်ပြီး အနိုင်ကျင့်တာ မဟုတ်ဘူး။ ထိန်းသိမ်းလိုက်တာပေါ့။ အဲ့တော့ တန်ဖိုးလည်း တအားကြီးသွားမယ်”လို့ ဖိုးချစ်ကဆိုပါတယ်။
ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူတဦးဖြစ်ပြီး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူသာမက လက်ရှိအချိန်မှာ မြန်မာ့ဇာတ်သဘင်ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။