မင်းသားကြီး ဂျက်ကီချန်းက သူ့ရဲ့ ကုမ္ပဏီကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ စတုတ္ထမြောက် “Rush Hour” ရုပ်ရှင်ရိုက်ကူးတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။ သူနဲ့အတူ တွဲပြီးသရုပ်ဆောင်ခဲ့တဲ့ မင်းသား Chris Tucker က ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ မင်းသားချန်းနဲ့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကို Instagram မှာ တင်ပြီးတော့ ဟာသအက်ရှင်ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းစတင်ရိုက်ကူးဖို့ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ ကောလာဟလတွေကို မြင့်တက်စေခဲ့ပါတယ်။
အခုတော့ ဟောင်ကောင်မင်းသားကြီး ချန်းရဲ့ JC Group ရဲ့ ကြေညာချက်ရဲ့အဆိုအရ ရုပ်ရှင်ထုတ်လုပ်သူ Esmond Ren ရဲ့ အီးမေးလ်နဲ့ ဆိုရှယ်မီဒီယာအကောင့်တွေဟာ ဟက်ခံခဲ့ရပြီး “Rush Hour” နောက်ဆက်တွဲ ရုပ်ရှင်နဲ့ “The Karate Kid” နောက်ဆက်တွဲ ရုပ်ရှင်ထွက်လာနိုင်ချေတဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ဖြန့်ချိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၆၅ နှစ်အရွယ် မင်းသားကြီးချန်းရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ငြင်းပယ်စာထဲမှာတော့ ရုပ်ရှင်တွေကို မကြာမီရိုက်ကူးတော့မယ်လို့ ဖော်ပြထားပြီး ထုတ်လုပ်သူရဲ့ အကောင့်ကနေ ထုတ်ပြန်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားအတွက် သရုပ်ဆောင်၊ ရိုက်ကူးရေးဝန်ထမ်းနဲ့ လူရွေးပွဲနဲ့ ပတ်သက်တာတွေဟာ သတင်းအမှားတွေသာဖြစ်တယ်လို့ ဆိုထားပါတယ်။
ငြင်းပယ်စာထဲမှာ “မစ္စတာချန်းရဲ့ကိုယ်စား ကျနော်တို့ ဒီနေရာမှာ ကြေညာလိုတာက Rush Hour 4 နဲ့ The Karate Kid 2 အတွက် ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖို့ ထောက်ပံ့မယ်ဆိုတာနဲ့ သရုပ်ဆောင်မယ်ဆိုတာနဲ့ ပတ်သက်တဲ့ ပျံ့နှံ့လာတဲ့ အဲဒီသတင်းတွေအားလုံးဟာ အမှားတွေဖြစ်ပါတယ်”လို့ ဖော်ပြထားပါတယ်။
၁၉၉၈ ခုနှစ်က “Rush Hour” မှာပါဝင်ခဲ့ပြီးနောက် မင်းသားကြီးချန်းဟာ နောက်ထပ် နောက်ဆက်တွဲ ရုပ်ရှင် ၂ ကား မှာ ဆက်တိုက် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၈၀ ခုနှစ်တုန်းက နာမည်ကျော်ခဲ့တဲ့ “The Karate Kid” ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကိုတော့ မင်းသား Jaden Smith နဲ့အတူ ပါဝင်ခဲ့ပါတယ်။
ထုတ်လုပ်သူ Esmond ဟာ လက်ရှိမှာ မင်းသားကြီးချန်းနဲ့အတူ သည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင် Project X-Traction (Project X (2019)) မှာ အတူတွဲလုပ်နေပြီး ဒီနှစ် နှောင်းပိုင်းမှာ ဖြန့်ချိဖို့ ရှိနေတာပါ။ ဒါပေမဲ့ စတုတ္ထမြောက် “Rush Hour” ရုပ်ရှင်အတွက် ဆွေးနွေးမှုတွေက ဖြစ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မင်းသား Chris က ဇာတ်ညွှန်းကို ဆက်ရေးနေပြီလို့ ပြောဆိုခဲ့တာမျိုး ရှိခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဂျက်ကီချန်း နဲ့ Chris Tucker တို့ပါဝင်မယ့် “Rush Hour 4” ရုပ်ရှင် ရိုက်ကူးနိုင်ချေရှိ
Ref. aceshowbiz