အခုနှစ် အစောပိုင်းလောက်မှာ ဘောလိဝုဒ်ရဲ့ နာမည်ကျော်တွေ အတိအကျပြောရရင် တဒါဇင် အရေအတွက် ရှိတဲ့ အနုပညာရှင်တွေဟာ အိန္ဒိယရဲ့ရုပ်ရှင်မြို့တော် မွမ်ဘိုင်းကနေ နယူးဒေလီကို သီးသန့် ဂျက်လေယာဉ်တွေနဲ့ သွားရောက်ပြီး အထူးပရိသတ်ဖြစ်တဲ့ ဝန်ကြီးချုပ် Narendra Modi နဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
မကြာသေးခင်တုန်းကတော့ Instagram မှာ Follower ၂၂ သန်းနီးပါးလောက်ရှိတဲ့ မင်းသား Ranveer Singh ဟာ ဝန်ကြီးချုပ် Modi ကို ဖက်ပြီးရိုက်ထားတဲ့ ခပ်ပြုံးပြုံးသူ့ရဲ့ပုံကို တင်ခဲ့ပြီးတော့ အခုလိုတွေ့ဆုံရတာ ပျော်ရွှင်ရတဲ့အကြောင်း ဖော်ပြထားခဲ့ပါတယ်။ အဲဒီပုံဟာ Like အရေအတွက် ၃ သန်းကျော် ရရှိခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဘောလိဝုဒ်ဟာ ဝန်ကြီးချုပ် Modi ရဲ့ ဒုတိယမြောက် ရာထူးသက်တမ်းအတွက် အဓိက ကျတဲ့ အခန်းကဏ္ဍနေ ပါဝင်နေပါတယ်။
ထူးခြားချက်က အိန္ဒိယရုပ်ရှင်စတားတွေနဲ့ နိုင်ငံရေးသမားတွေ ရဲ့ ဆက်ဆံရေးက လူမသိသူမသိ အခြေအနေမှာရော၊ လူသိရှင်ကြားအခြေအနေမှာတော့ တော်တော်လေး အလှည့်အပြောင်း ရှိလာခဲ့ပါတယ်။
ဝန်ကြီးချုပ်ကတော့ ရုပ်ရှင်တွေထဲမှာ မျိုးချစ်စိတ်ဓာတ်တွေ၊ အိန္ဒိယရဲ့ ယဉ်ကျေးမှုနဲ့ စံတန်ဖိုးတွေ အကြောင်း ဖော်ပြပြောဆိုဖို့ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေကို တောင်းဆိုထားတဲ့ အကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တုန်းက အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထုတ်လုပ်သူ Mahaveer Jain က ဆိုပါတယ်။
Mahaveer က “သူ (ဝန်ကြီးချုပ်) က ဘောလိဝုဒ်ရဲ့ ပျော့ပျောင်းတဲ့အာဏာစွမ်းအား (soft power) နဲ့ ရိုက်ခတ်မှုအကျိုး ဆက်ကို အသိအမှတ်ပြုပါတယ်”လို့ ဆိုပါတယ်။ ဧပြီလ ၁၁ ရက်နေ့မှာ ကျင်းပနေပြီ ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ အိန္ဒိယရဲ့လူဦးရေ ၁ ဒဿမ ၃ ဘီလီယံထဲက အသက် ၃၅ နှစ်အောက် မဲပေးသူအရေအတွက်ဟာ ၃ ပုံ ၂ ပုံ ရှိနေပြီးတော့ အရေအတွက်အားဖြင့် မဲဆန္ဒရှင် ၁၅ သန်းကျော်ဟာ ပထမဆုံးမဲပေးကြမှာလည်း ဖြစ်ပါတယ်။ အဲဒီတော့ သရုပ်ဆောင်တွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။
မကြာသေးခင် လတွေတုန်းကတော့ ဝန်ကြီးချုပ်ဟာ ဘောလိဝုဒ် နာမည်ကျော် တော်တော်များများနဲ့ အနည်းဆုံး ၄ ကြိမ်လောက် သီးသန့်တွေ့ဆုံခဲ့ပါတယ်။ သူတို့ထဲက အများစုကတော့ ဝန်ကြီးချုပ်နဲ့အတူ ရိုက်ကူးထားတဲ့ selfie ပုံတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ခဲ့ကြပါတယ်။ ဒါရိုက်တာ Karan Johar က ဆိုရင် ဝန်ကြီးချုပ်နဲ့ အတူ ရိုက်ထားတဲ့ပုံကို တင်ခဲ့ပြီး ရုပ်ရှင်လက်မှတ် ရောင်းချငွေအပေါ် အခွန်ဖြတ်တောက်ပေးမှုအတွက် ကျေးဇူးတင်တယ်လို့ ပြောဆိုထားပါတယ်။
ဝန်ကြီးချုပ် Modi နဲ့သူ့ရဲ့ ဟိန္ဒူအမျိုးသားရေး Bharatiya Janata ပါတီကို ဘောလိဝုဒ်ရဲ့ ထောက်ခံမှု အရွေ့ဟာ အမေရိကန်နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ ဟောလိဝုဒ်စတားတွေဟာ ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလမှာ ဒီမိုကရတ်တစ်ပါတီကို ထောက်ခံပေးပြီး အခုလက်ရှိသမ္မတ ဒေါ်နယ်ထရန့်နဲ့ လယ်ယာယိမ်း ရီပါဘလစ်ကန်ပါတီဘက်က ထောက်ခံတဲ့သူက ရှားပါတယ်။
ကြာချိန် ၅ လတောင် မပြည့်သေးတဲ့ အခုနှစ်ထဲမှာပဲ ဘောလိဝုဒ်ဟာ ဝန်ကြီးချုပ်နေရာမှာ သရုပ်ဆောင်တဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ ရုပ်ရှင် ၃ ကားကို ဖြန့်ချိခဲ့ပါတယ်။ Uri – The Surgical Strike ဆိုတဲ့ ရုပ်ရှင်ဟာ အခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် တကားလို့တောင် သတ်မှတ်နိုင်ပြီးတော့ အိန္ဒိယရုံဝင်ငွေ စာရင်းမှာ ကန်ဒေါ်လာ ၃၅ သန်း ရရှိခဲ့ပါတယ်။
မိန့်ခွန်းတွေထဲမှာတော့ ဝန်ကြီးချုပ်ကိုယ်တိုင်နဲ့ ဝန်ကြီးတွေဟာ အဲဒီရုပ်ရှင်ထဲက အကြောင်းတွေကို ထည့်သွင်း ပြောကြားတာမျိုးတွေရှိခဲ့ပါတယ်။ အကြောင်းက ပါကစ္စတန်တို့ ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယား ဒေသမှာရှိတဲ့ အကြမ်းဖက်စခန်းတွေကို တိုက်ခိုက်ဖို့ ၂၀၁၆ ခုနှစ်တုန်းက ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးတို့ စီစဉ်ကြတဲ့အကြောင်း သွယ်ဝိုက်တဲ့ နည်းနဲ့ ပြောဆိုတာမျိုးတွေ ရှိလာပါတယ်။ ဒါပေမယ့် ဒါရိုက်တာ Aditya Dhar ကတော့ ရုပ်ရှင်ထဲမှာနိုင်ငံရေး ရည်ရွယ်ချက်ထည့်မထားဘူးလို့ ဆိုပါတယ်။
နောက်ထပ်ရုပ်ရှင်တခုကတော့ ဝန်ကြီးချုပ် Modi မတိုင်မီ တာဝန်ထမ်းခဲ့တဲ့ မန်မိုဟန်ဆင်းန် အကြောင်း အတ္ထုပ္ပတ္တိကို အခြေခံထားတဲ့ “The Accidental Prime Minister” ဆိုတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရုံဝင်ငွေ အရ အောင်မြင်မှုမရခဲ့ပေမယ့် အဲဒီရုပ်ရှင်ဟာ အိန္ဒိယရဲ့ အဓိကအတိုက်အခံပါတီ အိန္ဒိယအမျိုးသား ကွန်ဂရက်ကို ဦးဆောင်နေတဲ့ ဂန္ဒီမိသားစုရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို ခံခဲ့ရတဲ့ မစ္စတာ ဆင်းန်အကြောင်း ရှင်းရှင်းလင်းလင်း ပုံဖော်ထားတာပါ။
နောက်ထပ် အတ္ထုပ္ပတ္တိစီးရီးတခုဖြစ်တဲ့ PM Narendra Modi ကိုတော့ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကနေ စလို့ ဖြန့်ချိခဲ့ပြီး ဝန်ကြီးချုပ် Modi ရဲ့ဘဝကို အပိုင်း ၁၀ ခုစာ web စီးရီးတခုနဲ့ မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ကို ဘောလိဝုဒ်အနုပညာနယ်ပယ်ထဲက လူတိုင်းက သဘောမတွေ့ပါဘူး။
ပြဇာတ်အနုပညာရှင်၊ သရုပ်ဆောင်နဲ့ ဒါရိုက်တာ စုစုပေါင်း ၈၀၀ ကျော်လောက်က ပြီးခဲ့တဲ့အပတ်မှာပဲ ဝန်ကြီးချုပ်ကို ထောက်ခံခြင်း မပြုဖို့ တိုက်တွန်းထားပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကာလ တိုင်းပြည်အမှုတော်ထမ်းစဉ်ကာလမှာ မူဝါဒတွေနဲ့ လူ့အသက်သန်းပေါင်းများစွာကို Modi က ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဓိက အတိုက်အခံ ကွန်ဂရက်ပါတီကတော့ ဘောလိဝုဒ်ကို မြူဆွယ်ဖို့ ကြိုးစားနေပါတယ်။ သီးခြားသတင်း ရင်းမြစ်တခုရဲ့အဆိုအရ ပါတီခေါင်းဆောင် မစ္စတာ ရာအူးလ်ဂန္ဒီနဲ့တွေ့ဆုံဖို့ ဒါရိုက်တာတွေကို ဖိတ်ထားတယ်လို့ ဆိုပါတယ်။ တွေ့ဆုံရတဲ့ အကြောင်းပြချက်ကို မသိရတဲ့အပြင် မစ္စတာ ဂန္ဒီရဲ့ ရုံးကလည်း တခုခုပြောဆိုတာမျိုး မရှိသေးပါဘူး။
မစ္စတာဂန္ဒီအကြောင်း ရိုက်ကူးထားတဲ့ “My Name is RaGa” ရုပ်ရှင်ကိုတော့ အခုလထဲဖြန့်ချိဖို့ ရှိနေပါတယ်။ ပုံမှန်အားဖြင့်တော့ ဘောလိဝုဒ်စတားတွေဟာ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေရဲ့ မဟာမိတ်အဖြစ် တာဝန်ယူရပြီး တခါတရံအဲဒီအတွက် အခကြေးငွေရတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရေးထဲမှာ စတားတချို့ ဝင်ပါတာမျိုး ရှိပေမယ့် ဘယ်နိုင်ငံရေး ပါတီကမှ အနုပညာရှင်တွေကို Brand Ambassador အဖြစ် ခန့်အပ်ထားတာ မရှိပါဘူး။
ဒါဟာ အိန္ဒိယရုပ်ရှင်လုပ်ငန်းက ကြီးမားတဲ့ လွှမ်းမိုးမှု ရှိတာကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။ လူတိုင်းဟာ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကို ကိုယ်ကြည့်ခွင့်ရှိတယ်လို့ ဆိုနိုင်ပေမယ့် ပြည်သူတွေအပေါ် အထူးသဖြင့် လူငယ်တွျှေွအပေါ် အိန္ဒိယရုပ်ရှင်ရဲ့ လွှမ်းမိုးမှုကိုတော့ လျှော့တွက်လို့ မရပါဘူး။
Ref: straitstimes