ပြီးခဲ့တဲ့နှစ် ဧပြီလက မုဒိမ်းမှု အပါအဝင် ဥပဒေပုဒ်မ ၃ ခုဖြင့် စတင်တရားစွဲဆိုခံခဲ့ရသော အဆိုတော် အစ္စဏီရဲ့ တရားရုံးချိန်းမှာ ယခု ဧပြီလမှာဆိုရင်တော့ ၁ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ တရားရင်ဆိုင်နေစဉ် အတောအတွင်းမှာတော့ တရားလိုဖြစ်သူကိုသာ စစ်ဆေးနေစဉ်မှာပင် ရုံးပြောင်း လျှောက်ထားမှုများ၊ သက်သေခံပစ္စည်း ပယ်ချမှုများကြောင့် စစ်ဆေးမှုများ ကြန့်ကြာနေခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ အစ္စဏီက “သင်္ကြန်လည်းရောက်တော့မယ်ဆိုတော့ သင်္ကြန်မှာအားလုံးပဲ ပျော်ရွှင်ကြပါစေ။ အားလုံးပျော်ရင် ကျနော်လည်း ပျော်ပါတယ်။ Happy Myanmar New Year ပါ။ ကျနော့်ကိုလည်း ဆုတောင်းပေးကြပါဦး။ အမှန်တရားကို ရင်ဆိုင်သွားမှာပါ”လို့ ပြောပါတယ်။
ဒီကနေ့ရုံးချိန်းမှာတော့ တိုင်းဒေသကြီး တရားရုံးမှ မူလ တရားရုံးတွင် အမှုစစ်ဆေးရန် အမိန့်ချခဲ့ပေမယ့် မူလအမှုတွဲ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးတာကြောင့် စစ်ဆေးနိုင်ခြင် းမရှိခဲ့ပါဘူး။
“အမှုကတော့ တဖက်က တရားလို ဘက်ကနေပြီးကာမှ ရုံးပြောင်း လျှောက်ထားတာရယ် သက်သေခံ ပယ်ဖို့ အတွက်ရယ် လျှောက်ထားတယ်။ အဲ့လိုလျှောက်တဲ့ နေရာမှာ တိုင်းတရားရုံးကနေကို ပြန်ပြီးကာမှ ခရိုင်ရုံးရဲ့အမိန့်ကို အတည်ပြုပြီးကာမှ ရုံးပြောင်းပေးဖို့ရယ်။ ပယ်ခဲ့တယ်။ သက်သေခံကိုလည်း ဆက်လက် လက်ခံခဲ့တယ်။ အဲ့အပေါ် မူတည်ပြီးကာမှ အမှုကို ဒီမူလအမှုတွဲကို တရားရုံးကိုပြန်ရောက်ရင်တော့ အမှုဆက်စစ်မှာပါ” လို့ အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။
အမှုဖြစ်ပွားခဲ့တာ ၁ နှစ်တာ အချိန်ကာလ ရှိသွားပြီဖြစ်ပေမယ့် အမှုကြန့်ကြာနေပေမယ့် အမှန်တရားတခုကို ဖော်ထုတ်ဖို့အတွက် ကူညီဆောင်ရွက်နေပါတယ်လို့ အစ္စဏီရဲ့ ရှေ့နေက ဆိုပါတယ်။
“အမှန်တရားတခုကို ကျနော်တို့လည်း ဖော်ထုတ်ဖို့ အတွက်ကို မြန်မြန်လေးနဲ့ မှန်မှန်လေး ကူညီဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ အဲ့တိုင်းတရားရုံးတွေတွေရော ကျန်တဲ့ ရုံးတော်တွေကရော ဆက်လက်ပြီးတော့ အားလုံးပဲ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန်လေး ပြီးသွားစေချင်ပါတယ်။ အားလုံးကလည်း ဒီရလာဒ်ကိုပဲ မျှော်လင့်နေကြတာပါ” လို့ ရှေ့နေကပြောပါတယ်။
လက်ရှိအချိန်ထိမှာတော့ တရားလိုဖြစ်သူ စူးရှထက်နဲ့ မှုခင်း ဆရာဝန်တို့ကိုသာ စစ်ဆေးရသေးပြီး တရားလိုပြသက်သေများ စစ်ဆေးရန်အတွက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ အမှုတွဲပြန်လည် ရောက်ရှိခဲ့ပါက တရားလိုဖြစ်သူကို ဆက်လက် စစ်ဆေးသွားမှာပဲ ဖြစ်ပါတယ်။