အမေရိကန်သမ္မတ Donald Trump ဟာ ၂၀၁၂ တုန်းက အထူးနာမည်ကျော်ကြားခဲ့တဲ့ လင်းနို့လူသား ရုပ်ရှင် “The Dark Knight Rises” ထံက သီချင်းတပုဒ်ကို Warner Bros ထုတ်လုပ်ရေးရဲ့ ခွင့်ပြုချက်မယူဘဲ အသုံးပြုခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာတင်ထားတဲ့ အဲဒီသီချင်းပါဝင်တဲ့ သူ့ရဲ့ ဗီဒီယိုကို Twitter ကနေ ဖယ်ရှားခံလိုက်ရပါတယ်။
သမ္မတ Trump ဟာ ဒီမိုကရက်ပါတီမှ Barack Obama နဲ့ Hillary Clinton ၊ ဟာသသရုပ်ဆောင် Rosie O’Donnell နဲ့ Amy Schumer တို့ပါဝင်တဲ့ ဗီဒီယိုတခုကို တင်ခဲ့ပြီး ပုံစာမှာ “အမေရိကကို နောက်တခါကြီးကျယ်မြင့်မြတ်အောင်လုပ်မယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။
ဒါပေမယ့် BuzzFeed News ရဲ့အဆိုအရ သီချင်းရေးသူ Hans Zimmer ရဲ့ “Why Do We Fall?” ဆိုတဲ့ သီချင်းကို ခွင့်ပြုချက်မယူဘဲ သုံးခဲ့လို့ ဗီဒီယိုကို ဖြုတ်ချခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဗီဒီယိုဟာ သမ္မတ Trump ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့အတွက် တင်ခဲ့တာလို့ ယူဆစရာရှိပြီး ၂၀၁၆ ခုနှစ်တုန်းက လူတွေရဲ့ အဖိနှိပ်ခံပုဂ္ဂိုလ်ဖြစ်ခဲ့တယ်ဆိုတာကို အမှတ်ရနေစေချင်လို့ ဖြစ်နိုင်ပါတယ်။
Warner Bros ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက “မဲဆွယ်ဗီဒီယိုမှာ ‘The Dark Knight Rises’ ထဲက Warner Bros ရဲ့ သီချင်းကို အသုံးပြုတာ ခွင့်မပြုထားပါဘူး။ အဲဒါကိုဖယ်ရှားဖို့ သင့်လျော်တဲ့တရားရေးပိုင်းဆိုင်ရာ လမ်းကြောင်းတွေကနေအလုပ်လုပ်နေပါတယ်” လို့ပြောဆိုခဲ့ပါတယ်။
ကနဦးမှာ သမ္မတတင်ခဲ့တဲ့ပုံစာက ကျန်နေခဲ့ပေမယ့် ဗီဒီယိုကတော့ မူပိုင်ခွင့် ကိုင်ဆောင်ထားသူထံကနေ သတင်းပို့တာကို တုံ့ပြန်တဲ့အနေနဲ့ ဖယ်ရှားခံလိုက်ရပြီးဖြစ်ပါတယ်။ သမ္မတအိမ်ဖြူတော်ကလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ တခုခု တုံ့ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။
သမ္မတက တင်ခဲ့တဲ့ခွင့်ပြုချက်မဲ့ ဂီတကို Twitter ကနေ ဖယ်ရှားတာ ဒါပထမဆုံးမဟုတ်ပါဘူး။ သမ္မတဟာ R.E.M. အဖွဲ့ ရဲ့သီချင်း “Everybody Hurts” ကိုလည်း အဖွဲ့ရဲ့ခွင့်ပြုချက်မရှိဘဲ ယခင်ကအသုံးပြုခဲ့ပါသေးတယ်။
Ref: etcanada