သရုပ်ဆောင် အေးဝတ်ရည်သောင်း(ခ) မအေးသောင်းက ဧပြီလ ၁၀ ရက်နေ့မှာ သူမရဲ့နေအိမ်မှာ စတုဒီသာ မုန့်လက်ဆောင်းအလှူပြုလုပ်ခဲ့ပါတယ်။ ဒီလိုအလှူလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး အခုလိုဆိုပါတယ်။
“ညီမတို့ အလှူကတော့ ရွှေလွန်းသံရဲ့ စတုဒီသာ ၅နှစ်မြောက် မုန့်လက်ဆောင်းလှူတာပါ။ အရင်တုန်းကလည်း လှူဖြစ်တယ်။ သင်္ကြန်မှာ စတုဒီသာလုပ်ရတာ အရမ်းပျော်တယ်။ မြန်မာရိုးရာ မြန်မာယဉ်ကျေးမှု အလှူအတန်းရက်ရော တာတွေ သင်္ကြန်မှာ လှူကြတယ်။ အဲ့အတွက် ကိုယ်လည်း မြန်မာဖြစ်တော့ အလှူလုပ်ချင်တာနဲ့ လုပ်ဖြစ်တယ်။ သြင်္ကန်ကိုတော့ Sky Net မဏ္ဍပ်နေပြည်တော်မှာ ရှိပါမယ်။ သီချင်းတွေဆိုမယ်။ မြန်မာအကတွေ ကမယ်”
“အကကတော့ သင်ထားတယ်။ သီချင်းလည်းတိုက်ထားပါတယ်။ အသက် ၁၂နှစ် ၁၃နှစ်ကတည်းကနေ အခုချိန်၃၄၊ ၃၅ ထိနှစ်တိုင်း အလုပ်လုပ်တယ်။ မော်ဒယ်ဘဝတုန်းကလည်း မော်ဒယ်ဘဝအလျောက် မော်ဒယ်ရှိုးလျှောက်ပြီး ဖြတ်သန်းတယ်။ နောက်မင်းသမီးလုပ်လာတော့ သီချင်းဆိုရင်းဖြတ်သန်းတယ်။ အလုပ်မလုပ်ဘဲနဲ့ ဖြတ်သန်းတဲ့ နှစ်မရှိတော့ အလုပ်မရှိရင်တောင် တခုခုလိုအပ်နေမယ်ထင်တယ်”လို့ မအေးသောင်းက ပြောပါတယ်။
ရန်ကုန်သင်္ကြန်မဖြတ်သန်းဖြစ်တာ ၁၀စုနှစ် တစုလောက်ရှိပြီဖြစ်တဲ့ မအေးသောင်းက ဒီနှစ် သင်္ကြန်ကိုတော့ နေပြည်တော်မှာ ရှိမှာလို့ ဆိုပါတယ်။
“သင်္ကြန်မှာ ကမှာဆိုတော့ မြန်မာဝတ်စုံလေးတွေ ဝတ်ပါမယ်။ အသားမည်းမှာကြောက်တော့ လက်ရှည်လေးတွေ ဝတ်မယ်။ လေးရက်လုံး နေပြည်တော်မှာပါ။ ရန်ကုန်သင်္ကြန် မဖြတ်သန်းဖြစ်တာ တော်တော်ကြာပြီ။ ၁၀စုနှစ် တစုလောက်ရှိပြီ ထင်တယ်။ သင်္ကြန်ပြီးရင်တော့ အနုပညာအလုပ်တွေကို အကောင်းဆုံးပြန်လုပ်သွားမယ်။ ဇာတ်ကားရိုက်ဖို့ကတော့ ၇လပိုင်းမှာ “ပုဂံမျှော်” ဆိုတဲ့ ကားလေးရိုက်ဖို့ရှိတယ်။ မင်းသားကမြင့်မြတ်။ ဇာတ်လမ်းကို သိထားတော့ သေချာလေးပြင်ဆင်နေတယ်။ ဒါရိုက်တာကိုပေါက်ပေါ့”
“ကလေးရှိတဲ့ အမေတယောက်အနေနဲ့ ရိုက်ရမယ့် ကာရိုက်တာလေးလုပ်ဖို့ရှိတယ်။ အဲ့ကာရိုက်တာအတွက် ပြင်ဆင်နေတယ်။ မကြာဥတုန်းကလည်း ကိုယ်ဝန်ကြီးနဲ့ သရုပ်ဆောင်ခဲ့တယ်။ အခုလည်း ကလေး အမေကာရိုက်တာ ဆိုတော့ အသက်ရလာတဲ့ အချိန်မှာ ကိုယ်လို အသက်အရွယ်နဲ့ ကလေးအမေတွေ ရှိနေပြီမို့ အဲ့လိုကာရိုက်နဲ့ လိုက်ဖက်မယ်ထင်တယ်”
“ အခုချိန်မှ တက္ကသိုလ်ကျောင်းသူ ကာရိုက်တာ သွားရိုက်လို့ မရတော့ ဘူးလေ။ အရမ်းလည်းလေ့လာရတယ်။ ကိုယ်ဝန်သည်တုန်းကလည်း ဘယ်လိုနေထိုင်တာလည်း သေချာလေ့လာပြီး ပြင်ဆင် ဖြစ်ခဲ့တယ်။ အခုလည်း ကလေး အမေကာရိုက်ကိုလည်း သေချာလေ့လာပြီး ပြင်ဆင်သွားမယ် ”လို့ မအေးသောင်းက ပြောပါတယ်။
၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး မအေးသောင်းနာမည်နဲ့ အနုပညာလှုပ်ရှားမှုများပြုလုပ်တဲ့အခါ ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။