အနုပညာနဲ့ ပတ်သက်ရင် စွယ်စုံရတဲ့ အကယ်ဒမီများရှင် ရန်အောင်က ဒီနှစ်သင်္ကြန်ကို မြကျွန်းသာသင်္ကြန်နဲ့ မြို့ တော်ဝန် မဏ္ဍပ်တို့မှာ သီချင်းဆိုဖို့ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ ကျနော် သင်္ကြန်မှာ မြကျွန်းသာ သင်္ကြန်မှာ ရှိပါမယ်။ မြို့ တော်ဝန်မဏ္ဍပ်မှာလည်း သီချင်းဆိုဖို့ရှိမယ်။ သင်္ကြန်သီချင်းလေး တွေ ဆိုမယ်။ လမ်းလျှောက်သင်္ကြန်ရှိတာ ကျနော် တော်တော်သဘောကျတယ်။ ဆိုင်တန်းရှိတယ်။ မုန့်တွေစားလို့ရတယ်။ သီချင်းဆိုတာတွေနဲ့ စတုဒီသာတွေ နဲ့ အရမ်းပျော်စရာကောင်းတယ်။ မြန်မာ့ရိုးရာ သနပ်ခါးရေနဲ့ ပက်တာတို့ နဲ့ ပျော်စရာ ကောင်းမယ်ထင်ပါတယ်”
“ အခုနောက်ပိုင်းသင်္ကြန်သီချင်းလေးတွေလည်း ကောင်းပါတယ်။ ပေါက်လည်းပေါက်ပါတယ်။ ဒါပေမယ့် ပါးစပ်ထဲမှာ စွဲမကျန်ခဲ့ဖူးပေါ့။ ကျနော်တို့ ငယ်ငယ်တုန်းက သီချင်းတွေကတော့ ပါးစပ်ထဲမှာ စွဲကျန်ခဲ့တာပေါ့။ အဲ့ဒါကလည်း “သင်္ကြန်မိုး”နောက်ပိုင်းမှပါ။ သင်္ကြန်သီချင်းနားထောင်ရမှန်း သိလာကြတယ်။ အခုကတော့ သင်္ကြန်သီချင်းဟောင်းတွေပဲ ပြန်ခေတ်စားနေတယ်”လို့ ရန်အောင်က ပြောပါတယ်။
ငယ်စဉ်တုန်းက ပျော်ရွှင်ခဲ့ရတဲ့ သင်္ကြန်အမှတ်တရတွေနဲ့အကြောင်းနဲ့ အခုေနောက်ပိုင်းသင်္ကြန်မှာတော့ အရင်ကလိုသင်္ကြန်အငွေ့အသက်တွေ မခံစားရတော့ကြောင်း ရန်အောင်ကဆိုပါတယ်။
“သင်္ကြန်နဲ့ ပတ်သက်တဲ့ အမှတ်တရဆို ငယ်ငယ်တုန်းက သင်္ကြန်ကျရင် အရမ်းပျော်တယ်။ သူငယ်ချင်းတွေ စုပြီး လည်တယ်။ အသက်ကြီးလာတော့ အသက်အရွယ်အရ သိပ်မကဲချင်တော့ဘူး။ အခုခေတ်တွေက ပြောင်းလာတော့ သင်္ကြန်အငွေ့အသက်တွေ မခံစားရတော့ဘူးလို့ ပြောကြတယ်”
“ငယ်ငယ်ကသင်္ကြန်ရောက်ရင် ရေပေါပေါသီသီပက်တယ်။ တနေနဲ့တနေရာ ကူးရင် ရေမပျက်သွားဘူး။ ကားလည်း အဲ့လောက်မပိတ်ဘူး။ နှစ်တိုင်းကလည်တယ်။ ရေကို စိုရွှဲနေတာ။ အခု တနေရာနဲ့ တနေရာကူးရင် ရေကခြောက်နေပြီ၊ ရေလည်း ပေါပေါလောလော မပက်တော့ဘူး။ အခုက ကားပိတ်တော့ပိုဆိုးတယ်။ အခု လမ်းလျှောက်သင်္ကြန်တွေ လုပ်လာကြတာကောင်းတာပေါ့။ နားကို ရေဘောလုံးနဲ့ မှန်ပြီးတော့ နားကြီးအူပြီး နားဆရာဝန်နဲ့ ပြခဲ့ရတာတွေလည်း ရှိခဲ့တယ်”လို့ ရန်အောင်ကပြောပါတယ်။
သရုပ်ဆောင် ရန်အောင်က အနုပညာလောကမှာ အချိန်ကြာမြင့်စွာ အောင်မြင်နေဆဲ အနုပညာရှင်တဦး ဖြစ်ပါတယ်။ အကယ်ဒမီ ၆ ဆုကို ရရှိထားတဲ့ အနုပညာရှင်တဦးဖြစ်ပြီး သရုပ်ဆောင်ဘက်မှာ ထူးချွန်သူတင်မကဘဲ ဂီတဘက်မှာပါ အသံပါရမီ အားကောင်းသူ တယောက်လည်း ဖြစ်ပါတယ်။