Entertainment

“ကိုမြင့်မြတ်က ကျနော့်အိုင်ဒေါပါ”လို့ သရုပ်ဆောင်ရှင်မွေလ ပြော

Want create site? Find Free WordPress Themes and plugins.

MRTV-4 ဇာတ်လမ်းတွဲတွေမှတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် ရှင်မွေလကို မင်းသားမြင့်မြတ်နဲ့ တူတယ်လို့ သူ့ရဲ့ ပရိသတ်တွေက သတ်မှတ်ထားကြတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း မြင့်မြတ်က ငယ်ငယ်လေးကတည်းက အားပေးခဲ့ရတဲ့ အနုပညာရှင်တယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုမြင့်မြတ်က ကျနော့်အိုင်ဒေါပါ။ ကျနော့်ကို ကိုယ်ကြိုက်တဲ့ အိုင်ဒေါနဲ့ တူတယ်ပြောတာဝမ်းသာတယ်။ ကိုမြင့်မြတ်တို့ ကိုကြည့်ပြီးတော့ မင်းသားဖြစ်ချင်ခဲ့တာ။ အိုက်တင်ခိုးတာတော့ မဟုတ်ပါဘူး။ သူ့ကားတွေကို ရှစ်တန်း လောက် ကတည်းကကြည့်ခဲ့တာဆိုတော့ အိုက်တင်ကို မခိုးဘူးဆိုပေမယ့် သူ့ အိုက်တင်တွေကတော့ လွှမ်းမိုးမှုဖြစ်နေတာပေါ့။ ကိုမြင့်မြတ်ဆိုတာ ဟာသလည်းရတယ်။ ဒရာမာလည်းရတယ်”

သရုပ်ဆောင်ရှင်မွေလ (ဓာတ်ပုံ – Shin Mwe La’s Facebook)

“ အစ်ကိုက ကာရိုက်တာပေါင်းစုံ လုပ်နိုင်တာကိုတော့ အားကျတယ်။ ကျနော်လည်း အစ်ကို့လို ကာရိုက်တာပေါင်းစုံ လုပ်နိုင်အောင်တော့ အတုယူမှာ ပါ။ ကိုမြင့်မြတ် နဲ့တူတယ်ဆိုပေမယ့် အပြင်မှာတော့ တခါမှ မမြင်ဖူးသေးဘူး။ အတူတူရိုက်ခွင့် ရမယ်ဆိုရင်တော့ ဝမ်းသာမှာပါ။ ကျနော် အစ်ကို့ကို အားပေးနေတယ်၊ အစ်ကို့ကို ငယ်ငယ်ကတည်းက ကြိုက်တာလို့ ပြောချင်ပါတယ်” လို့ ရှင်မွေလက ဆိုပါတယ်။

လတ်တလောမှာ နှာဘူးကာရိုက်တာနဲ့ ဇာတ်လမ်းတွဲတခုရိုက်ကူးနေပြီး ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုများ အကြောင်းကိုလည်း အခုလိုဆိုပါတယ်။

“ကာရိုက်တွေ ထပ်နေတော့ ဇာတ်လမ်းတွဲတခုမှာတော့ ကာရိုက်ကွဲပြားအောင် နှာဘူးနေရာကနေ သရုပ်ဆောင်ထား ပါတယ်။ နှာဘူးဇာတ်ကောင်အတွက် ရှုတင်ရောက်ရင် နှာဘူးထရမယ့် စိတ်ကို မွေးပြီး အကောင်းဆုံးသရုပ်ဆောင် ထားပါတယ်”လို့ ရှင်မွေလကပြောပါတယ်။

သရုပ်ဆောင်ရှင်မွေလ (ဓာတ်ပုံ – Shin Mwe La’s Facebook)

ပထမဆုံး အလုပ်နဲ့ သင်္ကြန်ကို ဖြတ်သန်းရမှာ ပျော်နေတဲ့ ရှင်မွေလက သင်္ကြန်မဏ္ဍပ်မှာ သီချင်းဆိုရမှာ ကြောက်နေတယ် လို့ ပြောပါတယ်။

“ကျနော် သင်္ကြန်တော့ Forever မဏ္ဍပ်မှာ တရက်ဆိုမယ်။ ပခုက္ကူမှာ တရက်ဆိုမယ်။ နှစ်ရက်တော့ ကိုယ့်ဘာသာကဲမယ်။ အလုပ်တွေနဲ့တော့ မဖြတ်သန်းဖြစ်ဘူး။ ဒီနှစ်မှ အလုပ်တွေ လာအပ်တာပါ။ ပထမဆုံး အလုပ်နဲ့ သင်္ကြန်ကို ဖြတ်သန်းရမယ်ဆိုတော့ ပျော်တယ်။ သီချင်းဆိုရမှာတော့ ကြောက်နေတယ်”လို့ ဆိုပါတယ်။

ရှင်မွေလကိုတော့ မြင့်မြတ်နဲ့ တူတဲ့ သရုပ်ဆောင်အသစ်တစ်ယောက်အဖြစ် ပရိသတ်တွေ စိတ်ဝင်တစားရှိလာကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသူပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading