Kpop အဆိုတော်တွေဖြစ်တဲ့ Jung Joon Young နဲ့ Choi Jong Hoon တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဟိုတယ်အခန်းတခုထဲမှာ အခြားအမျိုးသား ၃ ဦးနဲ့အတူ အမျိုးသမီးတဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြကြောင်း အဆိုပါ အမျိုးသမီးတဦးက ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့မှာပဲ ပြောဆိုခဲ့ပြီးတဲ့နောက် အဲဒီ Kpop အဆိုတော် နှစ်ဦးဟာ စွပ်စွဲမှုအသစ်တွေနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။
SBS funE သတင်းရဲ့အဆိုအရ အဆိုတော် Jung နဲ့ Choi တို့အပါအဝင် အမျိုးသား ၅ ဦးဟာ သူ့ကို ၂၀၁၆ ခုနှစ်၊ မတ်လမှာ မုဒိမ်းကျင့်ခဲ့ကြတဲ့အကြောင်းနဲ့ အဲဒီဖြစ်ရပ်ရဲ့အသံဖိုင်နဲ့ ဓာတ်ပုံတွေကို Group Chatroom မှာ မျှဝေခဲ့တာဖြစ်တယ်လို့ စွပ်စွဲသူအမျိုးသမီးက ပြောဆိုလိုက်တာပါ။ အဲဒီစွပ်စွဲသူ အမျိုးသမီးဟာ ၂၀၁၂ ခုနှစ်ကတည်းက အဆိုတော် Jung ရဲ့ သူငယ်ချင်းဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ အမျိုးသမီးရဲ့အဆိုအရ အဲဒီဖြစ်ရပ်ဟာ Jung ရဲ့ ပရိသတ် လက်မှတ်ရေးထိုးပွဲ တခုအပြီးမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့အဆိုအရ သူဟာ Jung၊ Choi နဲ့ အခြားအမျိုးသားတွေနဲ့အတူ ဟိုတယ်အခန်းတခုထဲမှာ အရက်သောက်နေခဲ့ပြီး အသိစိတ် လွတ်သွားခဲ့တယ်လို့ သိရပါတယ်။ နောက်တနေ့ မနက်မှတော့ သူဟာ အခန်းထဲက အိပ်ရာပေါ်မှာ ဝတ်လစ်စလစ် အနေအထားနဲ့နိုးလာခဲ့ပြီး သူနဲ့ဘေးနားမှာ အဆိုတော် Choi က လဲလျောင်းနေခဲ့တယ်လို့ ဆိုပါတယ်။
Choi နဲ့ အဲဒီနေရာမှာရှိနေတဲ့ အခြားအမျိုးသားတွေက သူ့ကို “မင်းရဲ့ အောက်ခံဘောင်းဘီကို ရှာပါဦး”၊ “လိင်ဆက်ဆံကြရအောင်” စတဲ့ စကားတွေနဲ့ နောက်ပြောင်ကြတယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။ သူဟာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အတိအကျ မသိခဲ့ဘဲ အခန်းထဲကနေ ရှက်ရွံ့စွာနဲ့ ပြေးထွက်လာခဲ့တယ်လို့ လည်း ဆိုပါတယ်။ သူဟာ ထိတ်လန့်တဲ့ရောဂါကို ကုသဖို့အတွက် အသုံးပြုတဲ့ ဆေးတမျိုးကြောင့် အသိစိတ် လွတ်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ ထင်တဲ့အကြောင်း ပြောပါတယ်။
သတင်းတွေမှာ အဆိုတော် Jung ဟာ ညစ်ညမ်းဗီဒီယိုတွေကို လျှို့ဝှက် ရိုက်ကူးခဲ့ပြီး Group Chatroom ထဲမှာ မျှဝေခဲ့တယ်လို့ စွပ်စွဲခံနေရတယ်လို့ သိခဲ့ပြီးတဲ့နောက် အဲဒီ Group Chatroom မှတ်တမ်းတွေ ရှိတဲ့ ရှေ့နေကို ဆက်သွယ်ခဲ့ပြီး သူလည်း အနိုင်ကျင့်ခံခဲ့ရသူဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်လို့ ယူဆရတဲ့ ဖြစ်ရပ်တခုကို အသံသွင်းယူထားပြီး ဓာတ်ပုံရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို အဲဒီရှေ့နေက ရှာတွေ့ခဲ့ပြီး စွပ်စွဲသူအမျိုးသမီးက ရက်အတိအကျကို ပြောနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ Group Chatroom ထဲမှာ အလားတူဖြစ်ရပ်နဲ့ ပတ်သက်လို့ ယူဆနိုင်တဲ့ဖြစ်ရပ်ကို နောက်တရက်မှာ ပြောဆိုထားကြတယ်လို့ ဆိုပါတယ်။
ဆိုးလ်မြို့ပြရဲတပ်ဖွဲ့အေဂျင်စီကတော့ စွပ်စွဲသူဟာ တိုင်ချက်ဖွင့်မယ်ဆိုရင်တော့ ဧပြီလ ၁၉ ရက်နေ့မှာ အဲဒီစွပ်စွဲချက်ကို လေ့လာသုံးသပ်ပြီး စုံစမ်းစစ်ဆေးမှု စတင်မယ်လို့ ဧပြီလ ၁၈ ရက်နေ့မှာ ပြောဆိုထားပါတယ်။ ဒါပေမယ့် အဆိုတော် Choi ကတော့ အဲဒီ မုဒိမ်းမှု စွပ်စွဲချက်တွေကို ရှေ့နေကနေတဆင့် ငြင်းဆိုထားပေမယ့် ၂၀၁၆ ခုနှစ်၊ မတ်လတုန်းက အဲဒီနေ့မှာ အဲဒီအမျိုးသမီးနဲ့သူဟာ အတူတူရှိနေခဲ့တယ်လို့တော့ ဝန်ခံထားပါတယ်။
Ref: koreaherald