မြန်မာ့ရုပ်ရှင်လောကကို ကချင်စကားပြော ဇာတ်ကားများနဲ့ ထိုးဖောက်နေတဲ့ ကချင် သရုပ်ဆောင်၊ ဒါရိုက်တာ ဒေါင်လွဏ်းက ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်မှာ မြင့်မြတ်၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ “နှင်းပွင့်စေရာ” ဆိုတဲ့ ရုပ်ရှင်ကားကို အခက်အခဲများကြားထဲက ရိုက်ကူးထားတယ်လို့ ပြောပါတယ်။
“နှင်းပွင့်စေရာ ဇာတ်ကားကို ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်မှာ အချိန်ယူပြီးတော့ ကျနော်တို့ ရိုက်ကူးထားပါတယ်။ အရင်တုန်းက မြန်မာ့ရုပ်ရှင်လောကမှာ ရေခဲတောင် ဇာတ်ကားတချို့ ရှိခဲ့ပေမယ့် အဲ့ကားတွေတုန်းက ရေခဲတောင်မှာ ရိုက်လိုက်၊ ပြန်နားလိုက် အဲ့လိုမျိုးရှိခဲ့တာပေါ့။ အခု နှင်းပွင့်စေရာ ဇာတ်ကားကတော့ ကျနော်တို့ တဖွဲ့သားလုံး ရေခဲတောင်ပေါ်မှာကို စခန်းချနေထိုင်ပြီးတော့ အခက်အခဲတွေ အများကြီးကြားထဲက ရိုက်ခဲ့တာပါ။ အခုအဲ့ကားကို တည်းဖြတ်နေပြီး ရုံတင်နိုင်အောင် ကြိုးစားနေပါတယ်”လို့ ဒါရိုက်တာ ဒေါင်လွဏ်းက ပြောပါတယ်။
“နှင်းပွင့်စေရာ”ဇာတ်ကားမှာ မြင့်မြတ်၊ ယုန်လေး၊ ငြိမ်းသော်၊ K ညီ၊ သင်ဇာဝင့်ကျော်၊ L ဘောက်နူးတို့နဲ့အတူ ဒါရိုက်တာ ဒေါင်လွဏ်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက ၄၅ ရက်ကြာ အချိန်ယူပြီး ရိုက်ကူးခဲ့တဲ့ဇာတ်ကား ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာရှိတဲ့ ရေခဲတောင်ရဲ့ သဘာဝ အလှတရားတွေကို နောက်ခံထားပြီး တောတွင်း စွန့်စားခန်းများနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ကြောင်း သိရပါတယ်။
မင်းသား၊ မင်းသမီးတွေရော ရိုက်ကူးရေး အဖွဲ့တွေအနေနဲ့ ရေခဲတောင်ရောက်ဖို့ ကားတတန်၊ ခြေလျင်တတန် သွားရောက်ခဲ့ရပြီး ရေခဲတောင်ပေါ်က ဘန်ဂလို နေအိမ်တွေမှာ နေထိုင် ရိုက်ကူးခဲ့ကာ ရာသီဥတု ဆိုးဝါးတဲ့ အခြေအနေတွေကြောင့် စားသောက်ရေး အခက်အခဲဖြစ်တဲ့ အချိန်တွေတောင် ရှိခဲ့တယ်လို့ ဒါရိုက်တာ ဒေါင်လွဏ်းက ပြောပါတယ်။
“မင်းသား မြင့်မြတ်က ရေခဲတောင်မှာ ဇာတ်ကား တကားလောက် ရိုက်ချင်တယ်ပြောတော့ ကျနော်ကလည်း ရိုက်ချင်နေတာနဲ့ ကွက်တိဖြစ်သွားပြီး ရိုက်ဖြစ်သွားတာပါ။ ဒီဇာတ်ကားရိုက်ဖို့ကို မြင့်မြတ်က တခြားဇာတ်ကားတွေထက်ကို အချိန်အများကြီး ပိုပေးခဲ့လို့ ရိုက်နိုင်ခဲ့တာ။ ကားရိုက်ဖို့အတွက် ရေခဲတောင်ဆီကို ကားတလှည့်၊ ခြေလျင်တလှည့် သွားခဲ့ရတယ်။ ရာသီဥတု ဆိုးဝါးလို့ ရိက္ခာပြတ်တဲ့ အနေအထားတွေလည်း ကြုံခဲ့ရတယ်”
“သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးသမားတွေဆို နှင်းကိုက်တဲ့ဒဏ်တွေ ခံစားခဲ့ရတယ်။ အခက်အခဲတွေ အများကြီးရှိခဲ့ပေမယ့် ကျနော်တို့ အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့တယ်။ ပရိတ်သတ်ကို စိတ်ကျေနပ်မှု ပေးနိုင်တဲ့ဇာတ်ကားဖြစ်ဖို့ ကျနော်တို့ အကောင်းဆုံး ကြိုးစားထားပါတယ်”လို့ ဒါရိုက်တာ ဒေါင်လွဏ်းက ပြောပါတယ်။
ဒီနှစ်ထဲမှာ “နှင်းပွင့်စေရာ” ဇာတ်ကား မတိုင်မီ ကချင်ပြည်နယ်၊ ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်တဲ့ လောကအကြောင်း ဒါရိုက်တာ ဒေါင်လွဏ်း ရိုက်ကူးထားတဲ့ “လောဘနွံ” ဇာတ်ကားကို ယခုနှစ်အတွင်း လာမယ့် ဇူလိုင်လမှာ ရုံတင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
“လောဘနွံ”ဇာတ်ကားမှာ လူမင်း၊ ဒေါင်လွဏ်း၊ အေးမြတ်သူနဲ့ ခင်လှိုင်တို့ ပါဝင် သရုပ်ဆောင်ထားပြီး
“တိမ်ပြာသောနေ့” ဇာတ်ကားပြီးရင် မြန်မာတနိုင်ငံလုံးမှာ ဒုတိယအကြိမ် ရုံတင်ပြသမယ့် ဒါရိုက်တာ ဒေါင်လွဏ်းရဲ့လက်ရာ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။
“မနောမြေက ကျောက်စိမ်းကမ္ဘာဆိုတဲ့ ဇာတ်ကားကို ၂၀၁၃ တုန်းက ရိုက်ခဲ့တယ်။ ၂၀၁၆ မှာ အကယ်ဒမီစာရင်းဝင်အောင်ဆိုပြီး တနိုင်ငံလုံး အနေအထားနဲ့ မပြဖြစ်ဘဲ လားရှိုးနဲ့ မြစ်ကြီးနားမှာပဲ ရုံတင်ဖြစ်ခဲ့တယ်။ မင်းသား၊ မင်းသမီးကြီးတွေ မပါတဲ့အတွက် ၂၀၁၃ မှာ ရိုက်ခဲ့တဲ့ ဇာတ်ကားက အခု ၂၀၁၉ နှစ်ဆန်းပိုင်းကျမှ ရုံတင်ခွင့် ရတော့ ကင်မရာ အနေအထားကအစ တော်တော်လေး ကွာဟသွားတယ်။ အဲဒါနဲ့ ခေတ်နဲ့ ညီအောင် ပြန်ရိုက်ချင်တဲ့အတွက် ကင်မရာကအစ အကောင်းဆုံးတွေသုံးပြီး လောဘနွံ ဇာတ်ကားကို ထပ်ရိုက်ဖြစ်တာပါ”
“မြန်မာပရိတ်သတ်များကို ပြောချင်တာက အမြဲတမ်း မြန်မာဟင်းချည်းပဲ စားနေရာကနေ ကချင်ဟင်းလည်း ပြောင်းပြီး စားကြည့်ပါလို့။ ကချင်ပြည်နယ်မှာဆိုလည်း မြန်မာကားကို ကချင်တွေ အများကြီး အားပေးကြ ပါတယ်။ ကိုယ့်တိုင်းရင်းသား အချင်းချင်း ကချင်ကားကိုလည်း ကျန်တဲ့တိုင်းရင်းသားတွေ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”
“ရုပ်ရှင်ဆိုတာ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု၊ အနုပညာ အားလုံး ပါဝင်တာဖြစ်တဲ့အတွက် တယောက်နဲ့ တယောက် ယဉ်ကျေးမှု ဖလှယ်ရင်း တယောက်အကြောင်း၊ တယောက်သိလာရင်း တဦးနဲ့ တဦး ချစ်ခင်ပြီးတော့မှ ငြိမ်းချမ်းရေးကို ကျနော်တို့ ရရှိလာမှာ ဖြစ်ပါတယ်”လို့ ကချင် ဒါရိုက်တာ ဒေါင်လွဏ်းက ပြောပါတယ်။
ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တဝှမ်းက ကချင်လူမျိုးတွေရဲ့အခိုင်အမာ အားပေးမှုကို ရရှိထားတဲ့
ဒါရိုက်တာနဲ့ မင်းသား ဒေါင်လွဏ်းဟာ “မနောမြေက ကျောက်စိမ်းကမ္ဘာ”ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ ခုနှစ်မှာ အကယ်ဒမီ အထူးဆုရရှိခဲ့ပြီး တရုတ်နိုင်ငံမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလဒုတိယပတ်အတွင်းက ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပိုးလမ်းမ ရုပ်ရှင်ပွဲတော်မှာလည်း “မနောမြေက ကျောက်စိမ်းကမ္ဘာ”ဇာတ်ကား၊ “လောဘနွံ”ဇာတ်ကားနမူနာ – Trailer တွေနဲ့ Nomination Award များ ရရှိထားပါတယ်။