ရုပ်ရှင်တကားအပေါ် နှစ်ခြိုက် စွဲလမ်းခြင်းဆိုတဲ့ စကားရပ်ကို ပရိသတ်တယောက်က သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဝင်ကောင်စင်ပြည်နယ်မှာရှိတဲ့ အမျိုးသားတဦးဟာ အံ့သြလောက်ဖွယ် စံချိန်တခုကို တင်ခဲ့တာ တွေ့ရပါတယ်။
Steve Ruppel ဆိုတဲ့အမျိုးသားဟာ လွန်ခဲ့တဲ့ ၂ လလောက်ကနေ စလို့ ရုံတင်ပြသနေချိန်ကတည်းက ရုပ်ရှင်ရုံမှာ “Captain Marvel” ရုပ်ရှင်ကို ၁၁၆ ကြိမ်ကြည့်ပြီး သူဟာ တကယ့်ကို အမာခံပရိသတ်ဖြစ်တယ်ဆိုတာကို ပြသခဲ့ပါတယ်။
Ruppel က “တော်တော်လေးကို ရူးကြောင်ကြောင် အနိုင်ဆုံးကိစ္စလို့ ကျနော်ထင်ခဲ့ပါတယ်။ မဖြစ်နိုင်ဘူးလို့ လည်း ထင်ခဲ့တာပါ။ ဘာလို့ စံချိန်တင်သွားသလဲ ဆိုတာတောင် မသိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒါကို လုပ်သင့်တယ်လို့ ထင်လို့ လုပ်ခဲ့တာပါ” လို့ WSAW မီဒီယာကို ပြောဆိုခဲ့ပါတယ်။
Ruppel ကတော့ သူ့ရဲ့ အလုပ်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့ရုံသာမက တကယ့်ကိုပဲ စီစဉ်ထားတာ မဟုတ်တဲ့ စံချိန်တခုကိုလည်း တင်ခဲ့ပါတယ်။
သူက “ကျနော် အလုပ်ကနေ ခွင့်ယူရတယ်။ ပုံမှန်အချိန် ကာလတခုမှာ ရုပ်ရှင်တကားလုံးကို ကြည့်ဖို့ နေ့လယ်စာ စားချိန်အကြာကြီးယူရတယ်။ ပြီးတော့ ပိတ်ရက်တွေမှာလည်း တခြားဘာမှ မလုပ်ခဲ့ဘူး”လို့ ဆိုပါတယ်။ တနေ့မှာတော့ သူဟာ အဲဒီရုပ်ရှင်ကို ကြည့်လာတာ ၇ ကြိမ်မြောက် လာခဲ့ပြီးတဲ့နောက် ကြည့်ရတာ အကြိမ်ရေများလို့ ပျင်းရိလာတာကနေ အသေးစိတ်ကျတဲ့ အချက်တွေကို အာရုံစိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
သူက “တရားဝင်ပြောရမယ်ဆိုရင် ရုပ်ရှင်ပိုစတာရှေ့မှာ ဓာတ်ပုံ ရိုက်ရမယ်။ ကျနော် အဲဒီမှာ တကယ်ရှိခဲ့တယ်ဆိုတာကို မျက်မြင်တွေ့တဲ့ စာတမ်းနှစ်စောင်လောက် ရေးရမယ်။ ဒါကြောင့် တကယ်လို့များ တယောက်ယောက်က အဲဒီစံချိန်ကို ချိုးဖျက်ချင်တယ်ဆိုရင် ကျနော် စဉ်းစားနေတာက ကျနော်ကတော့ ကိုယ့်စံချိန်ကို ပြန်မချိုးဖျက်ချင်တော့ပါဘူး။ ဒါကြောင့် တော်တော်လေးတော့ ကြမ်းတမ်းမယ်။ အချိန်တော်တော်များများရှိမယ်။ ဒါပေမဲ့ ကျနော်ကတော့ ဒါကို နောက်တကြိမ် ထပ်လုပ်နိုင်တော့မယ်လို့ မထင်ပါဘူး”လို့ ဆိုပါတယ်။
သူ့အတွက် ကံကောင်းတာတခုက “Captain Marvel” ရုပ်ရှင်ဟာ ပြသချိန်အနည်းဆုံး Marvel ရုပ်ရှင်တခု ဖြစ်ပြီး ပြသချိန် ၁၂၅ မိနစ်ပဲ ရှိပါတယ်။ မကြာမီ ရုံတင်တော့မယ့် “Avengers: Endgame” ရုပ်ရှင်ကတော့ ကြာချိန် ၃ နာရီ နီးပါးရှိတယ်လို့ ဆိုပါတယ်။
Ref : etcanada