မကြာခင်ရုံတင်မယ့် ဇာတ်ကားနှစ်ကားဖြစ်တဲ့ “မဟူရာရုပ်ရှင်ရုံ” နဲ့ ” ပြုံးရွှင်ရေပျော်ရဲ့လား” ဇာတ်ကား နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကျော်ကျော်ဗိုက နှစ်ကားလုံးမှာ နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားတွေက ရသတမျိုးစီပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ပြုံးရွှင်ရေပျော်ရဲ့လားကားကတော့ ရိုက်ထားတာ တော်တော်ကြာပြီ။ ရုံတင်ဖို့ အခြေအနေတွေကြောင့် ကြာနေတာ။ တင်မယ့်တင်တော့လည်း ကျနော်နဲ့ နေတိုးနှစ်ကားလုံးက ဟိုဘက် ဒီဘက်တင်သလိုတော့ ဖြစ်သွားတယ်။ မဟူရာကတော့ သရဲကား၊ ပြုံးရွှင်ကတော့ သဘင်ပညာကို အခြေခံထားတဲ့ ဒရာမာပေါ့။ ရသတော့ တခုစီပေါ့”
“မြန်မာ့ရုပ်ရှင်မှာ တွေ့ရခဲတဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုနဲ့ ကိုယ့်ရိုးရာ ယဉ်ကျေးမှု သဘင်ကို ဇာတ်အိမ်တည်ထားတဲ့ ကားပါ။ သဘင်လောကတခုလုံးကို ကိုယ်စားပြုထားတာတော့ မဟုတ်ဘူး။ သဘင်လောကမှာ ကျင်လည်နေတဲ့ လူရွှင်တော် တယောက်အကြောင်း ရိုက်ထားတာပါ။ သဘင်သည်ဘဝက တော်တော်ကြမ်းတမ်းပါတယ်။ ကျနော်တို့ ပင်ပန်းစွာ သရုပ်ဆောင်ထားရပါတယ်။ ဒီဘက်ခေတ်မှာ ဒီလို ကားမျိုးလေးကြည့်ရဖို့ ရှားရှားပါပါးဇာတ်ကားလေးပါ။ ဒီလိုကားမျိုးကို ရိုက်နိုင်တဲ့ ပရိုဂျူဆာကိုလည်း တကယ်ချီးကျူးပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ကိုယ်တိုင် သရဲမကြောက်တတ်တော့ ကြောက်စရာကောင်းတာ မရှိဘဲ သူများကိုတော့ ခြောက်လန့်တတ်တဲ့ ကျော်ကျော်ဗိုက “မဟူရာရုပ်ရှင်ရုံ: ဇာတ်ကားအတွက်ဖန်တီးမှုကတော့ သူများတွေ ကြောက်လန့်စရာဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
“ကျနော် ဇာတ်ကားမှာ သူငယ်ချင်း ၄ ယောက်ထဲမှာ ကျနော်ကတော့ အရာရာကို သိပ်မပြီး စိတ်ထဲမှာ မထားဘူး။ ကြောက်လည်း မကြောက်တတ်ဘူး။ ဖြစ်လာတဲ့အပေါ်မှာပဲ အဆင်ပြေသလိုလုပ်လိုက်မယ်ဆိုတဲ့ စိတ်နဲ့နေတဲ့ သူတယောက်ကာရိုက်တာပေါ့။ ကျနော် ကိုယ်တိုင် သရဲမကြောက်တတ်တော့ ကြောက်စရာကောင်းတာ ကျနော့်မှာ မရှိဘူး”
“သူများကိုတော့ ခြောက်တတ်တယ်။ ကျနော်တို့ ဖန်တီးမှုကတော့ သူများတွေ ကြောက်လန့်စရာဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော် မဟူရာရုပ်ရှင်ရုံ ဇာတ်ကားရိုက်ဖြစ်တာလည်း အဓိကက နေတိုးနဲ့ မင်းသွေးပေါ့။ သူတို့ဆီက ဖြစ်လာတဲ့ ဇာတ်တခုပေါ်မှာ ကျနော် ပူးပေါင်းပေးရတာပေါ့။ အမှတ်တရကတော့ ရုပ်ရှင်ရုံထဲမှာ ကားတကားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ပြီးတယ်”
“နောက် ရက်ဆက်တွေ ဖြစ်သွားတော့ အိပ်ရေးပျက်တော့ လူတွေက အင်အားကုန်ခမ်းသွားတဲ့ အနေအထားတော့ ဖြစ်ခဲ့တာပေါ့။ ကျနော်တို့ အဝန်းအဝိုင်းကြီးက ကျယ်လာပြီပေါ့။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသတယ်။ သူတို့အကဲဖြတ်မှုတွေ အောက်မှာ အနုပညာအရည်အသွေးတွေ မှတ်ကျောက်တင်ခံရတယ်။ သူတို့ချီးကျူးမှု ဂုဏ်ပြုဆုတွေလည်းရလာတယ်ဆိုတော့ ကျနော်တို့ဂုဏ်ယူရမှာပါ”လို့ ကျော်ကျော်ဗိုကပြောပါတယ်။
ကျော်ကျော်ဗိုဟာ နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်း တို့ရဲ့ အနုပညာမျိုးစက်တွေထဲက တဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။
သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ ကျော်ကျော်ဗိုလ်ဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။