မကြာသေးမီက အကယ်ဒမီ ပူပူနွေးနွေး ရရှိထားတဲ့ သရုပ်ဆောင် အေးမြတ်သူကတော့ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ ဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ရုပ်များကို သရုပ်ဆောင်ချင်တယ်လို့ ပြောပါတယ်။
“အေးမြတ်သူအတွက် ဒီဇာတ်သဘင်နဲ့ ပတ်သက်တဲ့ကားက ပထမဆုံးကားပါ။ နောက်ထပ်လည်း ဒီလိုမျိုးကားတွေ ရိုက်ချင်တယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတခုဖြစ်တဲ့ ဒီလိုမျိုးကားလေးတွေကို ဒီထပ်ပိုပြီး အရေးပါအရာရောက်တဲ့ နေရာလေးကနေ ထပ်ပြီးရိုက်ချင်ပါသေးတယ်”
“မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေက နိုင်ငံတကာကို သွားမယ်ဆိုတဲ့အချိန်ကျရင် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အလှ၊ မြန်မာ့သဘာဝ ၊ မြန်မာ့ဓလေ့လေးတွေပါရင် အကောင်းဆုံးဖြစ်မှာပါ။ အေးမြတ်သူလည်း မြန်မာအကကို မတောက်တခေါက်လေး ကတတ်တော့ နောက်ထပ်ကြိုးစားပြီး ရိုက်ချင်ပါတယ်”လို့ အေးမြတ်သူကပြောပါတယ်။
စာရေးဆရာအကြည်တော်ရဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပုံဖော်ရိုက်ကူးထားတဲ့ “ ပြုံးရွှင်ရေ ပျော်ရဲ့လား” ဇာတ်ကားမှာ အေးမြတ်သူဟာ လက်လွတ်စပယ်နဲ့ ပေါ့ပျက်ပျက်နေတတ်တဲ့ ယိမ်းသမ တယောက်နေရာက ပထမဆုံး သရုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။
“ဒီထဲမှာ အေးမြတ်သူက ဘဝကို ပေါ့ပေါ့နေ ပေါ့ပေါ့စားတဲ့ ယိမ်းသမ တယောက်။ ဒါပေမဲ့ ဇာတ်သဘင်လောကမှာ ယိမ်းသမတိုင်းကို ကိုယ်စား မပြုဘူး။ ယိမ်းသမတိုင်းက အဲဒီလို မဟုတ်ပါဘူး။ စိန်တင်ကသာ ဒီလိုမျိုး ကာရိုက်တာ ရှိတာပါ။ အဲဒါကိုနားလည်မှု မလွဲအောင် ပရိသတ်ကို အရင်ပြောချင်ပါတယ်” လို့ အေးမြတ်သူက ပြောပါတယ်။
အဆိုပါဇာတ်ကားမှာတော့ အေးမြတ်သူရဲ့ဇာတ်ရုပ်က အများကြီးမပါသော်လည်း အဓိကဇာတ်ကောင်များကို ပံ့ပိုးပေးရတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။
“၂၀၁၅ မှာ ရိုက်ခဲ့တာ အခု ၂၀၁၉ ဆိုတော့ ၄ နှစ်လောက် ရှိသွားပြီ။ ဒီထဲမှာ အေးမြတ်သူရဲ့အခန်းက အရမ်း မပါဘူး။ ဒီဇာတ်ထဲမှာ ပံ့ပိုးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အေးမြတ်သူကို သင်ပြပေးပြီး ရွေးချယ်ခဲ့တဲ့ ဒါရိုက်တာကိုလည်း ကျေးဇူးတင်ပါတယ်။ စိန်တင်ဖြစ်ဖို့အတွက်က ရင်ခုန်တယ်။ ကိုယ်မလုပ်ဖူးတဲ့ကာရိုက်တာ တခုကို သရုပ်ဆောင်ရမယ်ဆိုတဲ့ Actor တယောက်က အရမ်းကို တက်ကြွတယ်။ စိန်တင်အနေနဲ့ သရုပ်ဆောင်ခဲ့တာ အရမ်းကိုတက်ကြွခဲ့တယ်”လို့ အေးမြတ်သူကပြောပါတယ်။
အေးမြတ်သူကတော့ သဘာဝနဲ့ နီးစပ်တဲ့ ဇာတ်ရုပ်များကို သရုပ်ဆောင်ရတာ သဘောကျပြီး မြန်မာအကလည်း အနည်းငယ် ကတတ်တဲ့အတွက် ဇာတ်သဘက်လောကနဲ့ ပတ်သက်တဲ့ ဇာတ်ရုပ်များကို သရုပ်ဆောင်ဖို့အတွက် စိတ်အားထက်သန်တယ်လို့ ဆိုပါတယ်။