One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ Louis Tomlinson ဟာ တကိုယ်တော် သီချင်းတွေ ဆက်လုပ်ဖို့ကို စဉ်းစားရဦးမယ်လို့ ဆိုလာပါတယ်။ စီးပွားရေးဆန်ဆန် အောင်မြင်မှု ရနေတာမျိုးကို မလိုချင်တော့ဘူးလို့ သူကပြောပြီး သူ့ဘဝအတွက် ဘာက ပိုအရေးကြီးတယ်ဆိုတယ်ဆိုတာကို ရှာဖွေဦးမယ်လို့ ဆိုပါတယ်။
အသက် ၂၇ နှစ်သာ ရှိသေးတဲ့ အဆိုတော် Louis Tomlinson ဟာ One Direction အဖွဲ့ကို ရပ်နားပြီးနောက်မှာ တကိုယ်တော်သီချင်းတွေ ဆက်လက် သီဆိုနေပြီး တကိုယ်တော် အောင်မြင်မှုကို ရရှိနေတဲ့သူတယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ညီမဖြစ်သူရဲ့ ရုတ်တရက်သေဆုံးမှုကြောင့် ဒီလို တွေးမိလာတာ ဖြစ်တယ်လို့ သိရပါတယ်။
“အောင်မြင်မှုဆိုတာ ဘာလဲလို့ ကျနော် မေးခွန်းထုတ်နေတာကြာပြီ။ ၃ နှစ်ကျော်ကျော်အထိ ကျနော့် အတွေးတွေ မှားနေခဲ့တယ်။ တချို့အရာတွေက ဆုံးရှုံးရပြီဆိုမှ ပိုတန်ဖိုးထားတတ်လာတာ။ ကျနော့်အတွက် ဘယ်အရာက အရေးကြီးလဲဆိုတာ သိဖို့ လိုအပ်လာပြီ။ လူတချို့လိုမျိုး စီးပွားရေးဆန်တဲ့ အောင်မြင်မှုကိုလည်း ကျနော် မလိုချင်ဘူး။ ကျနော်က အေးအေးဆေးဆေးပဲ နေချင်တာ”လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားခဲ့ပါတယ်။
ညီမဖြစ်သူ သေဆုံးပြီးတဲ့နောက်မှာ Louis Tomlinson ဟာ အိမ်တွင်းအောင်းနေခဲ့ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ထူထောင်ဖို့ကို မနည်းကြိုးစားနေရတယ်လို့ သိရပါတယ်။
Ref;mirror