မင်းသမီး Elizabeth Olsen က Marvel စတူဒီယိုက ဇာတ်ကောင်နဲ့ လိုက်ဖက်ညီတဲ့ ခန္ဓာကိုယ်မျိုး ရရှိစေဖို့ ဖိအားမပေးတဲ့အတွက် Marvel ရုပ်ရှင်တွေမှာ ပါဝင်ရတာ သဘောကျတယ်လို့ ဆိုပါတယ်။ “Avengers” ရုပ်ရှင်တွေမှာ Scarlet Witch အဖြစ် ပါဝင်ထားတဲ့ အသက် ၃၀ အရွယ် မင်းသမီးက Marvel စတူဒီယိုတွေဟာ သရုပ်ဆောင်တွေကို သူတို့လိုရာ ပုံစံမသွင်းတဲ့အကြောင်း နယူးယောက်တိုင်းမ် သတင်းစာကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မင်းသမီး Olsen က “Marvel ရဲ့ ကိစ္စတခုကတော့ သူတို့ရဲ့ လိုရာပုံသွင်းဖို့ ဘယ်တော့မှ မပြောတာပါပဲ။ သူတို့ဟာ ဇာတ်ကောင်ကို ဖော်ပြတဲ့နေရာမှာ နည်းလမ်းတွေကို ရှာကြံပြီး သရုပ်ဆောင်တွေကို ငှားရမ်းတာပါ။ သူတို့ဟာ လိုအပ်တယ်ဆိုရင် လေ့ကျင့်ပေးသူတယောက် စီစဉ်ပေးမှာပါ။ ဒါပေမဲ့ အဲဒါလောက်ပဲ လုပ်ပေးတာပါ” လို့ ဆိုပါတယ်။
ပြီးတော့လည်း စတူဒီယိုတိုင်းက သူတို့ရဲ့သရုပ်ဆောင်တွေကို အဲဒီလိုလွတ်လပ်ခွင့် ပေးမထားဘူးလို့ ဆိုပါတယ်။ မင်းသမီးက “ဇာတ်ရုပ်အတွက် ကိုယ်အလေးချိန်တက်အောင် လုပ်ရတဲ့ သရုပ်ဆောင်တွေရဲ့ အကြောင်းကို ကြားခဲ့ရပါတယ်။ တော်တော်လေးကို ဆိုးဆိုးရွားရွားပါပဲ။ ဇာတ်လမ်းအပေါ် မူတည်ပြီး ကျမက ပြောင်းလဲမှုလုပ်ဆောင်ပါတယ်”
“Captain America: Civil War” ရုပ်ရှင်အတွက် ကျမ မွေထိုင်း ကစားခဲ့ရပါတယ်။ တော်တော်လေး စိတ်သက်သာရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ပြီးတော့ ကျမ အဲဒါကို ထပ်လုပ်မှာလည်း မဟုတ်ပါဘူး။ ကျမ Gym သွားရတာကို ကြိုက်ပါတယ်။ ကျမ ဦးနှောက်က ပိုကောင်းကောင်း အလုပ်လုပ်တာကြောင့် သဘောကျပါတယ်။ ပြီးတော့ အစားအသောက်ကို အကန့်အသတ်နဲ့ စားရမှာမျိုး ကျမ မတွေးချင်ပါဘူး”လို့ ဆိုပါတယ်။
မင်းသမီးဟာ Marvel ရုပ်ရှင်တွေမှာ မပါဝင်ခင်ကတည်းက လေ့ကျင့်ရတဲ့ ကြိုက်နှစ်သက်တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ ဘဲလေးအကနဲ့ ကြီးပြင်းခဲ့သူဖြစ်ပြီး ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ဘော်လီဘောကစားခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
သူက “ကောလိပ်မှာတုန်းက ကျန်းမာကြံ့ခိုင်ခြင်းဆိုတာ သင်ရိုးထဲမှာ မပါပါဘူး။ ဒါကြောင့် ကျမ ဘာကိုမှမလုပ်ခဲ့ဘူး။ အဲဒီနောက် ကျမ အသက်၂၀ အရွယ်မှာ နယူူးယောက်မှာ နေခဲ့တယ်။ အဲဒီနောက် တိုက်ခိုက်မှုတွေ ကြုံခဲ့ရတယ်။ တော်တော်ဆိုးတယ်။ ၁၄ လမ်းနဲ့ ဆဋ္ဌမ ရိပ်သာလမ်းကြားကို ဖြတ်မသွားရဲဘူး။ နံရံနားကို ကပ်လျှောက်ရတယ်။ အဲဒါမှ လဲမကျမှာလေ” လို့ဆိုပါတယ်။
Ref: etcanada