နာမည်ကျော် ကိုရီးယားမင်းသားနဲ့ အဆိုတော် ပတ်ယူချန်း ကို မူးယစ်ဆေးသုံးစွဲမှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပြီး နောက်တရက်မှာပဲ သူ့ကို အေဂျင်စီကနေ ထုတ်ပယ်လိုက်တဲ့အကြောင်း C-JeS ဖျော်ဖြေရေးကုမ္ပဏီက ဧပြီလ ၂၄ ရက်နေ့မှာကြေညာလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ သူ့အပေါ်ထားတဲ့ ယုံကြည်ချက်ဟာ အစားထိုးမရဘဲ မင်းသား ပတ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ “အမျိုးသားမှုခင်းဆေးဌာနရဲ့ စမ်းသပ်ချက်မှာ Positive ပြနေတာကို မီဒီယာတွေကနေ တဆင့် မနေ့(ဧပြီ ၂၃)က သိရှိခဲ့ရပါတယ်။ သူအပြစ်မရှိဘူးလို့ ပြောဆိုထားတဲ့ ပတ်ရဲ့ ပြောဆိုချက်ကို ယုံကြည်ပြီး စုံစမ်းစစ်ဆေးမှုရလဒ်အတိုင်း နေခဲ့တာပါ” လို့ ဖော်ပြထားပါတယ်။
အဲဒီစီမံခန့်ခွဲရေး ကုမ္ပဏီကတော့ အဆိုတော် ပတ်ရဲ့ အဖွဲ့ JYJ ရဲ့ အေဂျင်စီလည်း ဖြစ်ပါတယ်။ ဆေးစစ်ချက်ရလဒ် ဟာလည်း စိတ်မကောင်းစရာဖြစ်တယ်လို့ ကုမ္ပဏီက ပြောဆိုထားပြီး အသက် ၃၃ နှစ်အရွယ် အဆိုတော်၊ မင်းသား ပတ်ဟာ ဖျော်ဖြေရေးလောကကနေ အနားယူမှာဖြစ်ပြီး သူ့ရဲ့ အချိန်ဇယားတွေ အားလုံးကို ဖျက်သိမ်းကာ တရားရုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။
သူရဲ့ ဇနီးလောင်းဖြစ်ခဲ့ဖူးတဲ့ ဟွမ်ဟာနာကိုတော့ မက်သာဖတ်တမင်း ဝယ်ယူသုံးစွဲမှုနဲ့ အခုလအစောပိုင်းမှာပဲ ဖမ်းဆီး ထားခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ မင်းသားပတ်အပေါ် မူးယစ်ဆေးဝါးသုံးစွဲမှု သံသယကြီးထွား လာခဲ့တာပါ။
ဒါပေမယ့် ဧပြီလ ၁၀ ရက်နေ့မှာ မင်းသားပတ်ဟာ သတင်းစာရှင်းလင်းပွဲ တခုကို ပြုလုပ်ခဲ့ပြီး စွပ်စွဲချက်တွေကို ငြင်းဆို ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့မှာတော့ သူ့ရဲ့ အပြစ်ကင်းစင်မှုကို ပြသဖို့ ရဲတပ်ဖွဲ့ဟာ မင်းသားပတ်ရဲ့ ခြေသလုံးမွှေးနမူနာယူပြီး စမ်းသပ်ရာမှာတော့ မူးယစ်ဆေးသုံးစွဲခဲ့တယ် ဆိုတဲ့အဖြေထွက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း သူ့ကို ဖမ်းဝရမ်းရဖို့ ကြိုးစားနေပါတယ်။
C-JeS က ဒီကိစ္စရဲ့ လေးနက်မှုနဲ့ တာဝန်ယူရမယ်ဆိုတာကို တိတိကျကျ သိရှိထားတယ်လို့ ဆိုပါတယ်။ အဲဒီလိုမျိုး ထပ်မဖြစ်အောင် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်တွေကို အသေးစိတ်လုပ်ဆောင်မယ်လို့လည်း ကတိပြုထားပါတယ်။
မင်းသားပတ်ရဲ့ ကနဦးဆီးစစ်ချက်ထဲမှာတော့ မူးယစ်ဆေးသုံးစွဲခဲ့တယ်ဆိုတဲ့ လက္ခဏာ မတွေ့ရှိရပေမယ့် ဆိုးလ်မြို့ တောင်ဘက်မှာရှိတဲ့ ဟန်နမ်က သူ့ရဲ့အိမ်နဲ့ ကားကို အခုလမှာ ရှာဖွေခဲ့စဉ်မှာ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က အမွှေးနမူနာ ရရှိခဲ့တယ်လို့ဆိုပါတယ်။ မင်းသားပတ်ကို ဖမ်းဝရမ်းထုတ်မယ်၊ မထုတ်ဘူးဆိုတာ ကတော့ ဧပြီလ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် တရားရုံးကြားနာမှုမှာ ဆုံးဖြတ်မယ်လို့သိရပါတယ်။
Ref:Yonhap