ဧပြီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသမယ့် “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် နှစ်ခုမှာ သွားရောက်ပြသဖို့အတွက် ရွေးချယ်ခြင်း ခံထားရတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ အခြေစိုက် Cult Critic Film Magazine ကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်မယ့် Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ အိန္ဒိယနိုင်ငံမှာပဲ ၂၀၂၀ ဇန်နဝါရီမှာ ပြုလုပ်မယ့် Calcutta International Cult Film Festival ပွဲတို့မှာ သွားရောက် ပြသဖို့အတွက် ရွေးချယ်ခံလိုက်ရတာ ဖြစ်ပါတယ်။
“မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကားကြီးဟာ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်မယ့် Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ “Jean Luc Godard Award” အတွက် “Monthly Winner (March 2019)” အဖြစ် ဆန်ခါတင်ရွေးချယ်ခံထားရပြီဖြစ်သလို ၂၀၂၀ ခုနစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်မယ့် “Calcutta International Cult Film Festival” ရဲ့ Golden Fox Award အတွက်လည်း “Monthly Winner (March 2019)” အဖြစ် ဆန်ခါတင် ရွေးချယ်ခြင်းခံထားရပါတယ်။
“မဟူရာ ရုပ်ရှင်” ဇာတ်ကားအတွက် ရွေးချယ်ခြင်းခံထားရတဲ့ ကဏ္ဍတွေလည်း ရှိပါတယ်။ အဲဒါတွေက ထိတ်လန့် ချောက်ချားဖွယ်ရာ ရုပ်ရှင်ဇာတ်ကားများနဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားများကို ချီးမြှင့်တဲ့ Best Horror/ Scinece Fiction / Genere Feature Film ဆုအတွက် 7th Sense Film Production၊ ပထမဆုံးရုပ်ရှင်ဇာတ်ကားအနေနဲ့ ရိုက်ကူးတဲ့ First Time Director တွေကို ရွေးချယ်ချီးမြှင့်တဲ့ Best Debut Filmmaker ဆု အတွက် ဒါရိုက်တာ ပြည့်ဇော်ဖြိုး၊ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်တွေကိုချီးမြှင့်တဲ့ Best Actor ဆု အတွက် သရုပ်ဆောင်နေတိုးနဲ့ အကောင်းဆုံး အသံဖန်တီးမှု Best Song Design ဆု အတွက် Creative Mahar Studio တို့ဖြစ်တယ်လို့ သိရပါတယ်။
Cult Critic Movie Award ကို နိုင်ငံတကာရုပ်ရှင်မဂ္ဂဇင်း တခုဖြစ်တဲ့ CULT CRITIC မဂ္ဂဇင်းက ရုပ်ရှင်ဝေဖန်ရေးစာရေး ပညာရှင်တွေနဲ့ ရွေးချယ်ထားတဲ့ ရုပ်ရှင်ပညာရှင်တွေက ချီးမြှင့်ပေးတာဖြစ်ပြီး နှစ်စဉ် စက်တင်ဘာလတိုင်း အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ “Cult Critic Movie Award” ရုပ်ရှင်ပွဲတော်ကို ကျင်းပကြောင်း မဟူရာရုပ်ရှင်ရုံ ဖေစ့်ဘုတ်စာမျက်နှာမှာ တရားဝင် ကြေညာထားပါတယ်။
“ထုတ်လုပ်သူ တယောက်အနေနဲ့ စီးပွားရေးဝင်ငွေအရ ကောင်းရင်လည်း ကျေနပ်တယ်။ အနုပညာအရ နိုင်ငံတကာက အသိအမှတ်ပြုတယ်ဆိုလည်း အရမ်းကျေနပ်ဖို့ ကောင်းတယ်။ များများအသိအမှတ်ပြုမှ ကျနော်တို့ များများအားရှိတာလေ။ အဲ့အတွက် ကျနော်တို့ကတော့ အသိအမှတ်ပြုခံရတာတွေက ဆုလာဘ်လို့ ပြောရမယ်”လို့ ဒီကားရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။
“မဟူရာ ရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ရွေးချယ်ပြသခြင်းခံရတဲ့ ပထမဆုံး မြန်မာသရဲကားလည်း ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား၊ မြန်မာဘာသာစကားနှင့် တမီလ်းဘာသာစကားတို့ဖြင့် ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတဲ့ ကားတကားဖြစ်ပါတယ်။
“မဟူရာ ရုပ်ရှင်ရုံ” ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ Riya Ray နဲ့ နန်းဆုဦးတို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ အဲဒီဇာတ်ကားကို ဧပြီလ ၂၅ ရက်နေ့၊ မြန်မာတနိင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။