အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ Coachella Music and Art ပွဲတော်ကြီးမှာ ကိုရီးယား နာမည်ကျော် Blackpink အဖွဲ့က ပထမဆုံးအကြိမ် နိုင်ငံကိုယ်စားပြု ဖျော်ဖြေခဲ့ပါတယ်။ Coachella ပွဲတော်ဟာ အမေရိကန်နိုင်ငံရဲ့ အကျော်ကြားဆုံး ပွဲတော်တခုဖြစ်ပြီး နာမည်ကြီးအနုပညာရှင်တွေ ပါဝင်ဆင်နွှဲကြတဲ့ ပွဲလည်းဖြစ်ပါတယ်။
K-Pop လောကမှာ အောင်မြင်မှုကို စိုက်ထူထားနိုင်တဲ့ မိန်းကလေး ၄ ယောက်အဖွဲ့ Blackpink ဟာ အသစ် ထွက်ရှိခဲ့တဲ့ “Kill This Love” သီချင်းနဲ့ စံချိန်သစ်တွေတင်ခဲ့သလို နာမည်ကျော် Coachella ပွဲတော်ကြီးမှာပါ ပထမဆုံးအကြိမ် ဖျော်ဖြေခွင့်ရခဲ့တဲ့အကြောင်းကို LA Times သတင်းစာကြီးကတောင် အသိအမှတ်ပြု ဆောင်းပါးရေးသားခဲ့ပါတယ်။
ဧပြီလ ၁၂ ရက်က ကျင်းပခဲ့တဲ့ Coachella ပွဲတော်ကို New York Timesquare မှာပါ Screen အကြီးစားနဲ့ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပါ။ ဒီပွဲတော်ကြီးမှာ BlackPink အဖွဲ့က သီချင်း ၁၀ ပုဒ်နဲ့ ဖျော်ဖြေခဲ့ပြီး “DDU-DU DDU-DU” နဲ့ ပထမဆုံးပွဲထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ “Whistle” နဲ့ အဖွဲ့လိုက်ဖျော်ဖြေခဲ့ပြီး ဂျန်းနီက လည်း သူမရဲ့တကိုယ်တော် “SOLO” သီချင်းနဲ့ တင်ဆက်ခဲ့ပါတယ်။
နောက်ဆုံးထွက်ရှိခဲ့တဲ့ “KILL THIS LOVE” အခွေထဲက သီချင်းသစ် ၅ ပုဒ်နဲ့ ဖျော်ဖြေခဲ့ပြီး လူကြိုက်များခဲ့တဲ့ ပွဲဦးထွက်သီချင်း “BOOMBAYAH” အပြင် Single အခွေထဲက “As if it’s your last” ကိုပါ ဖျော်ဖြေပေးခဲ့ပါတယ်။ BlackPink အဖွဲ့က Youtube မှာ အချိန်တိုအတွင်း ကြည့်ရှုသူ ပရိသတ် အများဆုံး စံချိန်တင်နိုင်ခဲ့တဲ့ “Kill This Love” သီချင်းနဲ့ ဖျော်ဖြေနေစဉ် အမာခံပရိသတ် Blinks တွေကလည်း မိုးစက်တွေကြားက သည်းသည်းလှုပ် အားပေးခဲ့ကြပါတယ်။
BlackPink အဖွဲ့အတွက် Coachella ပွဲတော်ကြီးဟာ နောက်ထပ် အောင်မြင်မှုကို စိုက်ထူနိုင်ရုံမက အမေရိကတိုက်က ပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့သလို ဟောလီးဝုဒ်စတားတွေဖြစ်တဲ့ Will Smith နဲ့ ဇနီး Jada Pinkett Smith သား Jaden တို့ကပါ BlackPink ပရိသတ်တွေလို့ ဝန်ခံထားပြီး အမှတ်တရဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုတော် Ariana Grande ကလည်း BlackPink အဖွဲ့နဲ့ တွဲရိုက်ထားတဲ့ပုံကို သူမတွစ်တာအကောင့်ကနေ အမှတ်တရ တင်ထားပါသေးတယ်။
ဒီပွဲ အပြီးမှာတော့ BlackPink အဖွဲ့ဟာ “In Your Area” လို့အမည်ပေးထားတဲ့ မြောက်အမေရိကတိုက် လှည့်လည်ဖျော်ဖြေရေး ခရီးစဉ်တွေကို ဆက်လက်လှုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Ref: CNA