အနုပညာအလုပ်တော်တော်များများမှာ ပါရမီပါပြီး အောင်မြင်မှုများစွာ ရရှိလျက်ရှိတဲ့ အကယ်ဒမီ နေတိုးကတော့ သူ့ရဲ့မွေးရပ်ဇာတိမြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ လူငယ်တွေ ရုပ်ရှင်အရသာ ခံစားနိုင်အောင် ရုပ်ရှင်ရုံဆောင်လုပ်ဖို့အတွက် ကြိုးစားနေတယ်လို့ ပြောပါတယ်။
“မာန်အောင်မြို့မှာ ရုပ်ရှင်ရုံ ဆောက်ဖြစ်ဖို့ များပါတယ်။ ကျနော်တို့ တိုင်ပင်နေတယ်။ နေရာတွေဘာတွေ မေးနေတယ်ပေါ့။ အဓိကကတော့ ကိုယ့်ဒေသရယ်လို့မဟုတ်ဘူး။ ကျနော်တို့က ရုပ်ရှင်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေလည်း ဖြစ်တယ်။ ကျနော်တို့ ငယ်ငယ်က ရခိုင်မှာ ရုပ်ရှင်ရုံ ရှိခဲ့ဖူးတယ်။ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး”တို့ဘာတို့ ကြည့်ခဲ့ရတယ်။ အဖြူအမည်းတွေကအစ ကြည့်ခဲ့ဖူးတယ်”လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။
ငယ်စဉ်ကတော့ အဆိုပါဒေသမှာ ရုပ်ရှင်ရုံရှိခဲ့ပြီး အခုချိန်မှာ မရှိတဲ့အတွက် တခြားသော သူများရဲ့ တိုက်တွန်းမှုကြောင့်လည်း ရုပ်ရှင်ရုံဆောင်ဖို့အတွက် အကြံဉာဏ် ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ငယ်ငယ်ကရုပ်ရှင်ရုံမှာ ကြည့်ခဲ့ဖူးတဲ့ခံစားမှုတွေကို အခုလူငယ်တွေ ရခိုင်မှာရှိတဲ့ လူငယ်တွေ ရုပ်ရှင်ရုံမှာ ကြည့်တဲ့ ခံစားချက်ကို ဖြစ်စေချင်တယ်။ ရုပ်ရှင်ရုံ မရှိတဲ့ ဒေသလည်း ဖြစ်တယ်။ ကိုယ့်ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မာန်အောင်မှာလည်း ဖြစ်တဲ့အခါကျတော့ ကျနော်တို့လုပ်ဖို့အတွက် အကြံဉာဏ်လေးပေးကြတော့ ကိုယ်ကိုယ်တိုင်လည်း လုပ်ပေးချင်တဲ့ဆန္ဒ ရှိတဲ့အတွက် လောလောဆယ်တော့ တိုင်ပင်နေပါတယ်။ လုပ်ဖြစ်ဖို့တော့ များပါတယ်” လို့ နေတိုးကပြောပါတယ်။
အဆိုပါ ရုပ်ရှင်ရုံ ဆောင်လုပ်မယ့် အစီအစဉ်ကိုတော့ လုပ်ဖြစ်ခဲ့ရင် ဒီနှစ်ထဲမှာ လုပ်ဖြစ်ဖို့ရှိပြီး ဒေသခံနဲ့ အနုပညာရှင်များကို ပူးပေါင်းကာ လုပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“လုပ်ဖြစ်ရင်တော့ ဒီနှစ်ထဲမှာ စဖြစ်မှာပေါ့။ သူငယ်ချင်းတွေစုပြီးတော့ လုပ်ဖြစ်ဖို့ကတော့ မပြောတတ်သေးဘူး။ ဒေသခံနဲ့ အနုပညာရှင်နဲ့ပဲ ပေါင်းရမှာပေါ့။ ကျနော်က ဟိုသွားပြီးတော့ ဘာမှလုပ်မပေးနိုင်တော့ မာန်အောင်မှာရှိတဲ့ တာဝန်ယူပြီးလုပ်ပေးနိုင်မယ့် လူတွေနဲ့ပူးပေါင်းပြီးတော့ လုပ်ရမှာပေါ့” လို့ နေတိုးကပြောပါတယ်။
အချိန်အတိုင်းအတာတခု အနှေးနဲ့အမြန် ရုပ်ရှင်ရုံပေါ်လာဖို့အတွက် ကြိုးစားနေပြီး ရုပ်ရှင် ဝါသနာပါသူများနဲ့ ပရိသတ်များအတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ငယ်ငယ်က ရုပ်ရှင်ရုံထဲမှာ ကြည့်ခဲ့ရတဲ့ ခံစားချက်တွေကို ရုပ်ရှင်ဝါသနာပါတဲ့သူတွေအတွက်ရော ပရိသတ်တယောက် အနေနဲ့ရော ရုပ်ရှင်ရဲ့အရသာကို ခံစားဖူးတယ်။ နောက်ပိုင်းမှာ နှစ် ၂၀ ကျော်လောက် ရှိတဲ့အချိန်မှာ ကလေးတွေက ရုပ်ရှင်ကိုခံစားဖို့ မလွယ်ဘူး။ ရုပ်ရှင်ကို ခံစားစေချင်တယ်။ အဲဒါကြောင့်လုပ်ဖြစ်မှာပါ။ အချိန်အတိုင်းအတာတခု အနှေးနဲ့အမြန် ရုပ်ရှင်ရုံပေါ်လာဖို့အတွက် ကြိုးစားနေတယ်။ ပေါ်လာအောင်လည်း အစွမ်းကုန်လုပ်မှာပါ” လို့ နေတိုးကပြောပါတယ်။
နေတိုးကတော့ မကြာသေးတဲ့ ရက်ပိုင်းအတွင်းမှာလည်း မွေးရပ်ဇာတိ မာန်အောင်မြို့သို့ သွားရောက်ကာ ညီဖြစ်သူ မင်းသွေး တည်ထားခဲ့တဲ့ ဘုရားကို အနေကဇာတင် အလှူ သွားရောက်လှူဒါန်းခဲ့ပါတယ်။