ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှု ရရှိလာခဲ့တဲ့ သရုပ်ဆောင် အောင်ရေချမ်းက အနုပညာအလုပ်ကို မိသားစုကလည်း အားပေးကြသလို လိုအပ်တာတွေကိုလည်း ထောက်ပြပေးကြတယ်လို့ ဧရာဝတီကိုပြောပါတယ်။
“ကျနော် ဒီလောကထဲကို ဝင်တာ အဖေက အရမ်းအားပေးခဲ့တယ်။ သူ့သားလေးကို အရမ်း အားပေးတယ်။ လိုအပ်တာတွေကိုလည်း ထောက်ပြပေးကြတယ်။ မိသားစုတွေကလည်း အနုပညာလုပ်တာကို အားပေးတယ်။ အဖေ့ကို တားနေရတယ်။ အဖေက ဒါကျနော့် သားလေလို့ ရောက်တဲ့ နေရာမှာ မိတ်ဆက်ပေးတယ်”
“ကားလေးတွေ ကြည့်ရင် အဖေနဲ့အမေက ရန်ဖြစ်နေကြတယ်။ မင်းဘယ်နားက ကောင်းတယ်။ ဘယ်နားက လိုတယ်ပြောပေးကြတယ်။ မိသားစု ၅ ယောက်ရှိပါတယ်။ ကျနော် အငယ်ဆုံးပါ။ အစ်ကို အငယ်ကတော့ အိမ်ထောင်ကျသွားပြီ၊ ကျနော်နဲ့ အစ်ကိုကလူပျိုပါ”လို့ သရုပ်ဆောင် အောင်ရေချမ်းက ပြောပါတယ်။
အောင်ရေချမ်းက ချစ်သူတော့ ရှိပေမယ့် အနုပညာ လောကမှာ အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်ရဦးမှာဖြစ်တာကြောင့် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်လို့ ဆိုပါတယ်။
“အချစ်ရေးက လူတိုင်းကဝေးကွာလို့ မရဘူးလေ။ ကျနော် ချစ်သူ ရှိပါတယ်။ ကျနော့် ပရိသတ်ကို မဖုံးကွယ်ထားပါဘူး။ ချစ်သူက နားလည်ပေးတယ်။ သူလည်း ကူညီပေးတယ်။ အဆင်ပြေပါတယ်။ ချစ်သူသက်တမ်းက ၃ နှစ်လောက် ရှိပါပြီ။ တခါကလည်း အဆင်မပြေခဲ့လို့ Single လိုလို ဖြေခဲ့ဖူးတယ်။ ဒါကတော့ ချစ်သူတိုင်းမှာ စိတ်ဆိုး စိတ်ကောက်ကြတာတော့ ရှိတာပေါ့”
“အနုပညာနယ်ပယ်နဲ့ စိမ်းတဲ့ ချစ်သူကိုတော့ နားလည်အောင် ရှင်းပြပေးရတာပေါ့။ ကျနော် အနုပညာ လောကမှာ အနုပညာတွေလည်း ကြိုးစားလုပ်ကိုင်ရဦးမှာမို့ အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အိမ်ထောင်ကတော့ ပြုမှာပါ။ ကျနော့် ချစ်သူကတော့ ချစ်ဖို့ကောင်းတယ်။ ဝတုတ်လေးပေါ့။ သူကိုယ်တိုင်က အဖော်အချွတ် ဝတ်တာတွေ သိပ်မကြိုက်ဘူး။ သူကလည်း အဲ့လိုတွေ မဝတ်ဘူး။ သူနဲ့ စိတ်သဘောထားတိုက်ဆိုင်ပါတယ်”လို့ အောင်ရေချမ်း က ပြောပါတယ်။
သရုပ်ဆောင် အောင်ရေချမ်းကိုတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “ကိုတင်ဖေ” ကာရိုက်တာနဲ့ ပရိသတ်က အထူး အားပေးခဲ့ကြပြီး MRTV-4 ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲမှာလည်း “မင်းမျိုးနွယ်”အဖြစ် ပရိသတ်များရဲ့ အားပေးခြင်းကို ခံခဲ့ရပါတယ်။