သရုပ်ဆောင်အလုပ်နဲ့ ပရိသတ်က သိရှိခဲ့တဲ့ ကျော်ကျော်ပိုင်မှူးကတော့ နောက်ပိုင်းမှာတော့ သရုပ်ဆောင်အလုပ်ကို ဆက်မလုပ်ဖြစ်ဘဲ သီချင်းပဲဆိုဖြစ်နေတယ်လို့ ပြောပါတယ်။
“မရိုက်ဖြစ်တော့တာက သီချင်းခွေလုပ်ဖြစ်တော့ သရုပ်ဆောင်ကနေ သီချင်းဆိုတယ်ဆိုရင် ပရိသတ်တွေက ပေါ်ပင်လုပ်တယ်ထင်မှာစိုးလို့ ကျနော်သေချာလေးလုပ်တယ်။ သီချင်းခွေက ၄ နှစ် ကြာသွားတယ်။ စစလုပ်ချင်း ဆိုတော့ နည်းနည်း အားနည်းသွားတယ်။ သိတဲ့သူတွေလည်း ရှိတယ်။ မသိတဲ့သူတွေလည်း ရှိတယ်။ သီချင်းဘက်မှာပဲ ပိုပြီးလုပ်ဖြစ်နေပါတယ်” လို့ သရုပ်ဆောင် ကျော်ကျော်ပိုင်မှူးက ပြောပါတယ်။
သရုပ်ဆောင်အလုပ်ကို အချိန်အတိုင်းအတာ တခုအထိ ရပ်နားပြီးနောက်မှာတော့ သူ့ရဲ့တကိုယ်တော်အခွေ “Hero” ဆိုတဲ့အခွေကို ထွက်ရှိထားပြီး နောက်ထပ်လည်း သီချင်းတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
“ပထမအခွေ Hero ဆိုတာ ထွက်ထားတယ်။ ဝိုင်းစုနဲ့ တပုဒ် ၊ ချမ်းချမ်းနဲ့တပုဒ် ပါတယ်။ ကျန်တာကတော့ တယောက်တည်းပဲ ဆိုထားတာ။ နောက်ထပ် သီချင်းတွေကတော့ တယောက်တည်းပဲ လုပ်နေတယ်။ ၂ ပုဒ် ၊ ၃ပုဒ်လောက်တော့ တီးပြီးသွားပြီ။ ကျနော်အချောဆိုဖို့ ကျန်သေးတယ်။ အဲဒါပြီးသွားရင်တော့ Music Video လေးပါရိုက်ပြီး အွန်လိုင်းမှာတင်ဖို့အတွက် စဉ်းစားထားတယ်” လို့ ကျော်ကျော်ပိုင်မှူးက ပြောပါတယ်။
အနုပညာလောကထဲကို သရုပ်ဆောင်အလုပ်နဲ့ ဝင်ရောက်လာခဲ့ပေမယ့် သူ့အနေနဲ့တော့ သီချင်းဘက်ကို ပိုရူးသွပ်တဲ့အတွက် နောက်ပိုင်းမှာ သီချင်းဆိုဖြစ်ခဲ့တာဖြစ်တယ်လို့ သိပါတယ်။
“ကျနော်က ၂၀၁၁ – ၂၀၁၂ခုနှစ် လောက်ကဇာတ်ကားတွေ မရိုက်ဖြစ်တော့တာ။ ဒီကြားထဲမှာတော့ ၂၀၁၈ သြင်္ကန် ပြီးလောက်က ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်နဲ့ “တိမ်ခိုမိုး” ဆိုတဲ့ ကားမှာ နည်းနည်းဝင်ရိုက်ပေးခဲ့တယ်။ အမှန်အတိုင်းပြောရရင် ကျနော်က သီချင်းဘက်ကို ပိုရူးသွပ်တယ်။ အရွယ်ရောက်လာတော့ အိမ်ကလည်း တိုက်တွန်းတယ်။ ဝါသနာလည်း ပါတော့ သရုပ်ဆောင်အလုပ်ကို အရင်လုပ်ဖြစ်တယ်။ နောက်တော့မှ သီချင်းဘက်ကို လုပ်ဖြစ်တာပေါ့”လို့ ကျော်ကျော်ပိုင်မှူးက ပြောပါတယ်။
ကျော်ကျော်ပိုင်မှူးကတော့ သီချင်းနဲ့ ပတ်သက်ပြီး လုပ်နေသော်လည်း သရုပ်ဆောင်ပိုင်းကိုတော့ အဆင်ပြေမယ့် ကာရိုက်တာရမယ်ဆိုရင် ပြန်ရိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
“ကျနော်ကတော့ ရုပ်ရှင်လောကနဲ့ ပတ်သက်ရင် သရုပ်ဆောင်တယောက်အနေနဲ့ ဆိုရင်တော့ ကိုယ်နဲ့ အဆင်ပြေမယ့် ကာရိုက်တာလေးတွေရမယ် ဆိုရင်တော့ ပြန်ရိုက်မှာပါ။ သီချင်းလေးတွေ ထွက်လာရင်လည်း ပရိသတ်တွေ နားထောင်ပြီးတော့ ဝေဖန်ပြီးတော့ အားပေးကြပါ”လို့ ကျော်ကျော်ပိုင်မှူးက ပြောပါတယ်။