မိခင်နဲ့အတူ ပထမဆုံးအကြိမ် သီလရှင် ၅ ရက် ဝတ်ဖြစ်ခဲ့တဲ့ သရုပ်ဆောင် နန်းစန္ဒာလှထွန်းက သာသနာ့ဘောင် ဝင်ဖြစ်ခဲ့တဲ့အကြောင်းကို အခုလို ဆိုပါတယ်။
“သီလရှင် ၅ ရက် ဝတ်ဖြစ်ခဲ့ပါတယ်။ သီလရှင်ဝတ် ဖြစ်သွားတာက နန်းစိတ်ထဲကနေ လိုလိုလားဖြစ်နေတာကြောင့် ဝတ်ဖြစ်သွားတာပါ။ စိတ်ထဲမှာ အရမ်း သီလရှင် ဝတ်ချင်နေတာကြောင့်လည်း ဝတ်ဖြစ်သွားတယ်။ မေမေနဲ့ အတူတူ ဝတ်ဖြစ်တာပါ။ မေမေ့ကို သမီး သီလရှင်ဝတ်မယ်ဆိုတော့ မေမေကလည်း လိုက်ဝတ်မယ်လို့ ပြောတယ်။ သမီးကို ပါရမီ လိုက်ဖြည့်ပေးတာတဲ့”
“အမေနဲ့ အတူ ဝတ်ရတဲ့ ခံစားချက်က မိဘဆိုတာ အတူရှိနေမှ ကျေးဇူးဆပ်လို့ ရတာလေ။ မိသားစုက အမြဲ တောင်ကြီးမှာပဲ နေကြတာဆိုတော့ ကွဲနေတာပေါ့။ အခုမေမေ့ ဝေယျာဝစ္စတွေ လိုက်ပြီးတော့ လိုက်လုပ် ပေးပြီးမှ ဂရုစိုက်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ သီလရှင် တခါမှ မဝတ်ဖူးပါဘူး။ ပထမဆုံး ဝတ်ဖူးတာပါ”လို့ သရုပ်ဆောင် နန်းစန္ဒာလှထွန်းက ပြောပါတယ်။
“အခုလို သီလရှင် ဝတ်တော့ သည်းခံနိုင်စွမ်း တရားတွေတော့ ရပါတယ်။ သာသနာ့ဘောင်ထဲ မဝင်ခင် သာသနာ့ဘောင်ထဲ ဝင်ရင် ဘုရားတွေ လိုက်ဖူးချင်တယ်။ သာသနာနဲ့ ပတ်သက်တာတွေ လုပ်ချင်တယ်။ အဲ့ဒါနဲ့ ကျိုက်ထီးရိုးကို မရောက် ရောက်အောင် သွားခဲ့တာပါ”လို့ နန်းစန္ဒာလှထွန်းက ဆိုပါတယ်။
လက်ရှိ MRTV 4 မှာ ပြသနေတဲ့ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းစန္ဒာလှထွန်းက အဲ့ဇာတ်ကားထဲမှာ ရိုးရိုးအေးအေး ကောင်မလေးကနေ မူးယစ်ဆေးဝါးဆေးကို စွဲလမ်းသွားတဲ့ မိန်းကလေး တယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“နန်း ၅ လပိုင်းမှာ ဇာတ်လမ်းတွဲသစ် ရိုက်ဖို့ ရှိတယ်။ အခုလည်း နန်းကားလေး “ဝင်္ကပါရှင်းတမ်း” လာနေတယ်။ အဲ့ကားလေးလည်း အားပေးကြပါဦးလို့။ အဲ့ကားက Suspended ကားလေးပါ။ အဲ့ကားထဲမှာ ရိုးရိုးအေးအေး ကောင်မလေးကနေ ဆေးတွေ ဘာတွေ စွဲတဲ့ ကောင်မလေးတယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ နန်းတို့ ကြိုတင်ပြင်ဆင်ပြီး ကြိုးကြိုးစားစားလုပ်ထားပါတယ်”
“အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေကို အားပေးလာတယ်။ လက်ခံလာကြတယ်။ ဇာတ်လမ်းတွဲမှာ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေကိုရော ဇာတ်လမ်းကိုရော အားပေးလာကြတော့ ပိုပြိးတော့မှ ဝမ်းသာပါတယ်”လို့ နန်းစန္ဒာလှထွန်းက ပြောပါတယ်။
Miss Myanmar world 2015 2nd Runner up ရရှိထားတဲ့ နန်းစန္ဒာလှထွန်းက သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာပြီးနောက် ပရိသတ်တွေက ဇာတ်လမ်းတွဲတွေကနေတဆင့် သိရှိအားပေးလာခဲ့ကြတာပါ။ အခုဆိုရင်တော့ ပရိသတ်တွေရဲ့ အချစ်များစွာကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တယောက်ဖြစ်လို့ နေပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီ ဖြစ်သလို သူမဟာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားရတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။