Myanmar Idolအစီအစဉ်မှာ Vocal Coach အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ထရေဇီက မကြာခင်ပြုလုပ်တော့မယ့် Myanmar Idol Season 4 အတွက်လည်း ပြိုင်ပွဲဝင် ကလေးတွေကို သင်ကြားမှုအပိုင်း တွေမှပိုပြီး တိုးတက်အောင်သင်ကြားနိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
“Myanmar Idol အတွက် ကျမတို့ အရင်ကထက် ကြိုတင်ပြင်ဆင်ပြီး ပိုပြီးလေ့လာရပါတယ်။ ကလေးတွေကို သင်ကြားမှု အပိုင်းတွေမှာလည်း ပိုပြီးတော့ တိုးတက်အောင် သင်ကြားနိုင်ဖို့ အများကြီး လေ့လာရပါတယ်။ ထပ်ပြီးတော့ သူတို့ကို ဘယ်လိုတွေ သင်ကြားရမလဲဆိုတာ ကိုယ်တိုင်လည်း လေ့လာရတယ်။ ကိုယ်တိုင်လည်း လက်တွေ့လည်း လုပ်နေရပါတယ်”
“Myanmar Idolက တင်ပြပုံတွေ အရမ်းကောင်းတာရယ်၊ ပရိသတ်တွေ ကလေးတွေကို ချစ်သွားအောင် ပရိသတ်တွေရဲ့ မျက်စိတွေထဲမှာ သူတို့လေးတွေကို တွဲပြီး မြင်သွားအောင် တင်ပြနိုင်လို့ Myanmar Idol ကို ကြိုက်ကြတယ်လို့ ထင်ပါတယ်”လို့ ထရေဇီက ပြောပါတယ်။ ဆက်လက်ပြီး မျိုးဆက်သစ် အဆိုရှင်သစ်တွေအတွက်လည်း အကြံပေးစကားကိုလည်း အခုလို ပြောပါတယ်။
“မျိုးဆက်သစ် အဆိုရှင်လေးတွေကို အကြံပေးချင်တာက အခုခေတ်မှာ ပြိုင်ပွဲဝင်ချင်သူတွေက သီချင်းပေါင်းစုံကို သိထားဖို့ လိုအပ်ပါတယ်။ သီချင်းပေါင်းစုံကို လေ့လာဖို့လည်း အကြံပေးချင်ပါတယ်။ ပြိုင်ပွဲ ဝင်မပြိုင်ဘဲ ကိုယ်တိုင်က အဆိုတော်ပဲလုပ်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုရင်လည်း Musician တယောက် ဖြစ်တဲ့အတွက် Music နဲ့ ပတ်သက်တာ အားလုံးကို သိထားရင် အကောင်းဆုံးပေါ့နော်”
“သင်တန်းတွေလည်း အများကြီး ရှိပါတယ်။ သွားရောက် လေ့လာပါ၊ သင်ကြားပါလို့။ နိုင်ငံတကာ သီချင်းတွေကိုလည်း ကြိုက်ကြိုက် မကြိုက်ကြိုက် နားထောင်ပါ၊ လေ့လာပါလို့ အကြံပေးချင်ပါတယ်”လု့ိ ထရေဇီက ပြောပါတယ်။
မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တေးရေးတွေက ငွေရေးကြေးရေး အဓိက မဟုတ်ဘဲ သီချင်းတွေကို သီဆိုဖို့ အတွက်သာ ခွင့်တောင်းစေချင်ကြတယ်လို့ ဆိုပါတယ်။
“မူပိုင်ခွင့် ကတော့ တေးရေးတွေက သူတို့ မွေးဖွားထားတဲ့ သားသမီးတွေလိုပါပဲ။ ကျမတို့က သီချင်းတွေကို ဖန်တီးတဲ့အခါမှာ ကျမတို့ သီချင်းလေးတွေကို အရမ်းမြတ်နိုးတယ်။ သီချင်းတွေကို ကျမတို့ကိုယ်တိုင် မွေးမြူထားတဲ့ သားသမီး လိုချစ်တာပေါ့။ တေးရေးဆရာတွေကလည်း သူတို့ရင်ထဲက ပေါက်ဖွားလာတဲ့ သားသမီးတွေလိုပဲ သူတို့တန်ဖိုး ထားကြတယ်”
“သူတို့က ငွေရေးကြေးရေး အဓိက မဟုတ်ပါဘူး။ သူတို့ သီချင်းလေးတွေကို ခွင့်တောင်းစေချင်ကြောင်း အနုပညာကြေးဆိုလည်း သတ်မှတ်ထားတဲ့ အနုပညာကြေးတွေ ပေးဖို့။ အခမဲ့ဆိုမယ်ဆိုရင်လည်း တောင်းဆိုရင်ပေးဖို့ ကျမသိရပါတယ်”လို့ ထရေဇီကပြောပါတယ်။