နာမည်ကျော်မင်းသား Ryan Reynolds ဟာ ဟောလိဝုဒ်မှာ အနုပညာကြေး အများဆုံးပေးရတဲ့ မင်းသား ဖြစ်လာခဲ့ကြောင်း Variety မီဒီယာရဲ့သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အနုပညာကြေးအများဆုံး ပေးရတဲ့ မင်းသမီးနေရာမှာတော့ Emily Blunt က ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။
Varitey မီဒီယာရဲ့ အဆိုအရ မင်းသား Reynolds ဟာ Netflix ကနေ ထုတ်လွှင့်မယ့် ဒါရိုက်တာ Michael Bay ရဲ့ “6 Underground” ရုပ်ရှင်အတွက် အနုပညာကြေး ဒေါ်လာ ၂၇ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဗြိတိသျှမင်းသမီး Blunt ကတော့ “A Quiet Place 2″ ရုပ်ရှင်အတွက် အနုပညာကြေး ဒေါ်လာ ၁၃ သန်းနဲ့ အနုပညာကြေး အမြင့်ဆုံးမင်းသမီး ဖြစ်လာတယ်လို့ ဆိုပါတယ်။
တခြားအနုပညာကြေး အများဆုံး မင်းသားအဖြစ် Reynolds ရပ်တည်နိုင်တဲ့ အကြောင်းတခုကတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ အားလုံးအတွက် Netflix က ဒေါ်လာ ၁၅ ဘီလီယံ အသုံးပြုဖို့ လျာထားတာကြောင့်နဲ့လည်း သက်ဆိုင်နေပါတယ်။ အဲဒီလိုမျိုး ဘတ်ဂျက် ချထားမှုနှုန်းကို မြှင့်ထားတဲ့အတွက် အွန်လိုင်းမှာ ရုပ်ရှင်ကြည့်နိုင်တဲ့ မီဒီယာဟာ အခုနှစ်အစပိုင်းကနေစလို့ မှာယူကြည့်ရှုနိုင်တဲ့ ဈေးနှုန်းကို မြှင့်တင်လိုက်ပါတယ်။
Netflix နဲ့ Skydance Media တို့ပူးပေါင်းဖန်တီးထားတဲ့ “6 Underground” ရုပ်ရှင်ဟာဆိုရင် ခန့်မှန်းချေ ဘတ်ဂျက် ဒေါ်လာ သန်း ၁၅၀ လောက်ရှိပြီး ဒါဟာ ကုမ္ပဏီရဲ့ သမိုင်းမှာ ထုတ်လုပ်ကုန်ကျစရိတ် အများဆုံး ရုပ်ရှင်ဖြစ်တယ်လို့လည်း Deadline မီဒီယာက ဆိုထားပါတယ်။
အသက် ၄၂ နှစ်အရွယ် မင်းသား Reynolds ဟာ ရုပ်ရှင်နဲ့ပတ်သက်လို့ ထုတ်ပြောတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကတော့ မင်းသား “6 Underground” ရုပ်ရှင်ရိုက်ကွင်းပေါ်က ဖယ်ရီကားတိုက်မှုကိုပြထားတဲ့ ၂၅ စက္ကန့်ကြာ ဗီဒီယိုဖိုင်ကို Twitter မှာ တင်ခဲ့ပါတယ်။
အနုပညာကြေားအများဆုံးပေးရတဲ့ မင်းသားစာရင်းမှာ Reynolds ပြီးရင် ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ မင်းသား Dwayne ‘The Rock’ Johnson ဖြစ်ပြီး “Fast & Furious Presents: Hobbs & Shaw” ရုပ်ရှင်အတွက် ဒေါ်လာ သန်း ၂၀ ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မင်းသားတွေဖြစ်ကြတဲ့ Robert Downey Jr., Will Smith နဲ့ Jason Statham တို့က အသီးသီးရပ်တည်နေတာကို တွေ့ရပါတယ်။
Ref: foxbusiness