Canal+ ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေတဲ့ “လောကကြိုးဝိုင်း”ဇာတ်ကားရဲ့ အပြင်ပိုစတာကို ကြည့်ပြီးတော့ ကော်ပီကားလို့ ပြောကြတဲ့အပေါ် ဇာတ်ကားကို ကြည့်ပြီးမှသာ ဝေဖန်ပါလို့ သရုပ်ဆောင် ခါရာကပြောပါတယ်။
“ဒီဇာတ်ကားကို နိုင်ငံခြား ကားတကားနဲ့ တူတယ်ဆိုပြီး ပြောနေကြတဲ့အပေါ်မှာတော့ မပြောသင့်ဘူးလို့ ထင်တယ်။ ဒီကားရဲ့ အပြင်ပန်းကို ကြည့်ပြီးတော့ မဆုံးဖြတ်ပါနဲ့။ ဒီကားကိုကြည့်ပြီးမှ ဝေဖန်ကြပါလို့ ပြောချင်ပါတယ်။ လက်တွေ့ဘဝ ကြိုးဝိုင်းမှာတော့ အခက်အခဲတွေ၊ အတိုက်အခိုက်တွေ အများကြီးရှိတာပေါ့။ ခဏခဏ ထိုးရတယ်။ ရှုံးတဲ့ အခါလည်း ရှုံးတယ်။ ဘယ်နှစ်ခါ ရှုံးရှုံး ပြန်ထနိုင်အောင် ထမယ်”
“အကောင်းဆုံး ကြံ့ကြံ့ခံနိုင်အောင် လုပ်ပါတယ်။ အမြဲတမ်းလည်း လေ့လာနေတယ်။ အမြဲတမ်းလည်း သင်ကြားနေပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အားရတယ်ဆိုတာမရှိပါဘူး”လို့ ခါရာက ပြောပါတယ်။
ဆက်လက်ပြီး ခါရာက“ ကျနော်ကလည်း အက်ရှင်တွေကို ရိုက်ထားတာဆိုတော့ “လောကကြိုးဝိုင်း”ကားက ကျနော့်အတွက် အများကြီးတော့ အခက်အခဲ မရှိပါဘူး။ ကျနော့်ကို မတူညီတဲ့ ကာရိုက်တာတခုကို ပြောင်းလဲချင်တယ် ပြောတယ်။ ကျနော့်ကို စပြောတော့ ကျနော်ပြောင်းလဲကြည့်မယ် ဆိုပြီး လုပ်တာ။ ကျနော်တော်တော် လေ့လာခဲ့ရတယ်။ Boxing တွေ လေ့လာတယ်။ အများပြီး Training လုပ်ပြီး အများကြီး ပြင်ဆင်ပြီး ဒီကားလေးကို ရိုက်ခဲ့ပါတယ်။ ကျနော် ဒီကားရိုက်ချိန်မှာ အရမ်းပင်ပန်းတယ်”လို့ ခါရာက ဆိုပါတယ်။
ထူးခြားတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ချပြဖို့ရှိတဲ့ ခါရာက ဇာတ်လမ်းတွေရှာပြီး ကိုယ်တိုင်လည်း ရေးဖြစ်နေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့တွေ ပရိသတ်ကို ငြီးငွေ့အောင် မလုပ်သင့်ဘူး။ ကျနော်က သရုပ်ဆောင်ကောင်းတယောက် ဖြစ်အောင် လုပ်ချင်တယ်။ မင်းသားပဲဖြစ်ဖြစ် ဗီလိန်ပဲဖြစ်ဖြစ် ကျနော်ပီပြင်အောင် လုပ်မယ်။ ကျနော်နောက်ပိုင်းရိုက်မယ့် ကားတွေမှာ ကျနော် မင်းသားချည်းပဲ မဟုတ်ဘဲ မတူညီတဲ့ ရှု့ထောင့်ကနေ ဇာတ်ကောင်ကို အကောင်းဆုံး ပီပြင်အောင် ဆွဲဆောင်မှု ရှိအောင် ကျနော်ကြိုးစားပြီး လုပ်သွားမှာပါ”
“နောက်ပိုင်းမှာလည်း အချစ်ကားလေးတွေကို ပရိသတ်တွေ တောင်းဆိုမှုအရ ရိုက်ဖို့ ကြိုးစားနေတယ်။ ကျနော် ကိုယ်တိုင်လည်း ဇာတ်လမ်းတွေရှာပြီး ကိုယ်တိုင်လည်း ရေးဖြစ်တယ်။ ချပြဖို့လည်း ရှိပါတယ်။ ကျနော် ၅ လပိုင်းမှာ ထိုင်းဒါရိုက်တာနဲ့ ရုပ်ရှင်ကားကြီးတကား ရိုက်ဖို့ ရှိပါတယ်။ ထူးခြားတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ မကြာခင်တွေ့ရဦးမှာပါ”လို့ ခါရာက ပြောပါတယ်။
ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင် သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေဟာ ပရိသတ်ရှေ့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ခါရာ ပါဝင်ထားတဲ့ “လောကကြိုးဝိုင်း”ဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ဇင်ဝိုင်း၊ နေအောင်၊ ရဲနောင်၊ ခါရာ၊ မေမြတ်နိုးနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပြီး ဇာတ်ကားကိုတော့ ဧပြီလ ၂၈ ရက်နေ့မှာ Canal+ ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေပြီ ဖြစ်ပါတယ်။