မကြာသေးခင်က အွန်လိုင်းပေါ်ကနေတဆင့် တင်ပေးခဲ့တဲ့ အဆိုတော် ရတနာမိုင်နဲ့ စိန်လင်းတို့ သီဆိုထားတဲ့ “ရေမြေခြား” သီချင်း Music Video ကိုတော့ အမေရိကားမှာရှိတဲ့ မြို့ ၉ မြို့မှာ သွားရောက် ရိုက်ကူးခဲ့တယ်လို့ အဆိုတော် စိန်လင်းက ဧရာဝတီကို ပြောပါတယ်။
“အမေရိကားမြို့ ၉ မြို့မှာ သွားရိုက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ဒီသီချင်းလေးကို အွန်လိုင်းမှာ တင်လိုက်တဲ့အခါ တရက်ထဲကို သိန်းနဲ့ချီပြီး အားပေးတာကိုတွေ့ရတဲ့အတွက် အရမ်းလည်း ဝမ်းသာမိပါတယ်။ ဒီသီချင်းလေးက စိန်လင်းဆိုပြီး လူတွေ ပိုသိလာစေတဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်” လို့ အဆိုတော် စိန်လင်းက ပြောပါတယ်။
အဆိုပါ “ရေမြေခြား” သီချင်းကိုတော့ Audio အနေနဲ့ ထွက်ရှိခဲ့စဉ်မှာပင် ပရိသတ်များက ကြိုက်နှစ်သက်ခဲ့တဲ့အတွက် ပရိသတ်များ မျှော်လင့်ထားသလိုဖြစ်အောင် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
“ရေမြေခြားဆိုတဲ့ သီချင်းလေးက စိန်လင်းနဲ့ ရတနာမိုင်ရဲ့ Audio ထွက်ကတည်းက လူကြိုက်များခဲ့တဲ့ သီချင်းလေးလို့ ပြောရင်လည်း မမှားပါဘူး။ FM တွေမှာလည်း အမြဲတမ်း အတောင်းခံရတဲ့ သီချင်းလေးဖြစ်ပါတယ်။ တခြား Page တွေမှာလည်း ကြည့်ရှုသူ ၃၃ သိန်းကျော်အထိ ကြည့်ရှုကြတဲ့ သီချင်းလေးဆိုတော့ ကျနော်တို့အနေနဲ့ စဉ်းစားရတယ်”
“Music Video ရိုက်တဲ့အခါမှာ Audio ကိုခံစားခဲ့ရတဲ့ ပရိသတ်တွေအတွက် မျှော်လင့်ချက်တွေ ကောင်းမွန်လာအောင် ရိုက်ကူးပေးမယ်ဆိုတဲ့စိတ်နဲ့ စဉ်းစားလိုက်တဲ့အခါမှာ ‘ရေမြေခြား’ဆိုတဲ့ ခေါင်းစဉ်ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံနဲ့ အလှမ်းကွာဝေးတဲ့ နေရာကို ရောက်သွားတဲ့ သမီးရည်းစားတွေ ဖြစ်မယ်ဆိုရင်တော့ ပိုပြီးတော့ ခံစားရမယ်လို့ ထင်မိတယ်”လို့ စိန်လင်းက ပြောပါတယ်။
အမေရိကားမှာရှိတဲ့ မြို့ ၉ မြို့မှာ သွားရောက်ရိုက်ကူးခဲ့တာ ဖြစ်တာကြောင့် ကုန်ကျစရိတ်အနေနဲ့ ဘယ်လောက် အကုန်ခံံပြီး ရိုက်ကူးခဲ့တာလဲ ဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“ကုန်ကျစရိတ်တွေကတော့ အများကြီးကုန်ခဲ့ပါတယ်။ ကျနော့်ရဲ့’ပေါက်နေပြီ’ အခွေတုန်းကတောင်မှ တခွေလုံးအနေနဲ့ပြောရင် ၂၀၁၇ အတိုင်းအတာနဲ့ပြောရရင် သိန်းတထောင်လောက် ကုန်ပြီး ရိုက်ကူးခဲ့တာပါ။ ဒီသီချင်းလေးမှာလည်း ကောင်းချင်တဲ့အတွက် အမေရိကားရဲ့ သွားလာစရိတ်တွေ ပြည်ပမှာ ရိုက်ရတဲ့ စရိတ်တွေ ပြည်တွင်းမှာ ရိုက်ရတဲ့ စရိတ်တွေ အများကြီးပါပဲ”
“အဓိကကတော့ ပရိသတ်တွေအပေါ်မှာ ကျေးဇူးဆပ်ချင်တာရယ်၊ ဒီသီချင်းလေးကိုကြည့်လိုက်ရင် ပုံမှန်ဆိုရင် ရိုက်တဲ့နေရာတွေက ထပ်နေကြပြီလေ ဒါကြောင့်ပါ”လို့ စိန်လင်းက ပြောပါတယ်။ နောက်ထပ်လည်း သီချင်းအသစ်များ ဆက်လက် ထွက်ရှိသွားဖို့ရှိပြီး ပရိသတ် မေ့မသွားအောင် သီချင်းများကို ဆက်လက် လုပ်သွားမယ်လို့ ဆိုပါတယ်။
“နောက်ထပ် သီချင်းအသစ် အနေနဲ့ဆိုရင်တော့ မကြာခင်မှာ သီချင်းအသစ်တွေ ချပြတော့မှာပါ။ အခုရေမြေခြားသီချင်းက စိန်လင်းကို ပရိသတ် ချစ်ခင်မှုတွေ ရရှိခဲ့တဲ့အတွက် ဒီအချိန်လေးမှာ ပရိသတ်တွေ ကိုယ့်ကိုမမေ့သွားအောင် နောက်ထပ်သီချင်းတွေ ဆိုရင် တေးရေးဆရာ ဝေကြီး ရေးပေးထားတဲ့ “ကောင်မလေးတယောက်ရှိတယ်” ဆိုတဲ့ သီချင်းလေးလည်း ဖြန့်ချိပေးပါမယ်။ ပြီးတော့ ထက်မွန်ရေးပေးထားတဲ့ “ယောကျ်ားအားအင်” ၊ “You’re My life” ဆိုတဲ့သီချင်းလေးကို ပိုးကြာဖြူခင်နဲ့ ဆိုထားပါတယ်။ ပြီးတော့ ‘သတို့သမီး’ ဆိုတဲ့ သီချင်းကိုလည်း အွန်လိုင်းကနေ မကြာခင်မှာ နားဆင်ရတော့မှာပါ” လို့ စိန်လင်းကပြောပါတယ်။