ကမ္ဘာကျော် “Star Wars” ရုပ်ရှင်တွေမှာ Wookiee စစ်သည်တော် Chewbacca အဖြစ် သရုပ်ဆောင်ခဲ့ပြီး ကမ္ဘာတဝန်းမှာ ပရိသတ်တော်တော်များများကို ပိုင်ဆိုင်ရရှိခဲ့တဲ့ မင်းသားကြီး Peter Mayhew ဟာ အသက် ၇၄ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားပြီလို့ သူ့ရဲ့မိသားစုက မေလ ၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
မင်းသားကြီး Mayhew ဟာ တက္ကဆက်ပြည်နယ်မှာရှိတဲ့ သူချစ်တဲ့ သူ့မိသားစုရှေ့မှောက်မှာပဲ ဧပြီလ ၃၀ ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ Twitter အကောင့်မှာ ထုတ်ပြန်တဲ့ ကြေညာချက်တခုမှာ မိသားစုက ပြောဆိုထားပါတယ်။
အဲဒီကြေညာချက်ထဲမှာ “သူဟာ သူ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို Chewbacca ဇာတ်ကောင်ထဲမှာ ထည့်ထားပါတယ်။ သူ့ရဲ့တောက်ပတဲ့ အပြာရောင်မျက်လုံးတွေ၊ သူ့ရဲ့ Bowcaster နဲ့ ပစ်ခတ်တာတွေ၊ သူ့ရဲ့ ပြေးလွှားပုံတွေ၊ သူ့ရဲ့ဦးခေါင်းနဲ့ ပါးစပ်လှုပ်ရှားမှု တခုစီတိုင်းကနေ ရုပ်ရှင်ရဲ့ ဇာတ်ကွက်တိုင်းမှာ အံဝင်တယ်ဆိုတာကို ပြသခဲ့ပါတယ်”လို့ ဖော်ပြထားပါတယ်။
မင်းသားကြီးအတွက်တော့ Star Wars မိသားစုဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တခုထက် ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ ဆိုပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေအထိ ဖြစ်လာတဲ့ ဆက်ဆံရေးဟာဆိုရင် ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်လာခဲ့တာလို့ သိရပါတယ်။
အရပ်ရှည်လွန်းတဲ့ ဗြိတိသျှမင်းသားကြီးဟာ အရပ် ၇ ပေနဲ့ ၃ လက်မရှိတဲ့ ရဲအရာရှိတဦးရဲ့ သားလည်း ဖြစ်ပါတယ်။ သူဟာ လန်ဒန်မှာရှိတဲ့ ဆေးရုံတခုမှာ အကူအနေနဲ့ အလုပ်လုပ်ရာကနေ ရုပ်ရှင်ထုတ်လုပ်သူ Charles Schneer က သူ့ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ “Sinbad and the Eye of the Tiger” ဆိုတဲ့ ရုပ်ရှင်မှာ မထင်မရှား ဇာတ်ရုပ်ကနေ ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် သူ့ရဲ့ အနုပညာလုပ်ငန်းကို အဓိပ္ပါယ် ဖွင့်ပေးမယ့် ဇာတ်ကောင်မှာ ပါဝင်ခဲ့ပါတယ်။ အဲဒါတော့ ၁၉၇၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူရင်း “Star Wars” ရုပ်ရှင်မှာ Han Solo (မင်းသားကြီး Harrison Ford) ရဲ့ ပူးတွဲယာဉ်မှူးနဲ့ အခင်ဆုံးသူငယ်ချင်းအဖြစ် သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီနောက်သူဟာ “The Empire Strikes Back”, “Return of the Jedi” နဲ့ “Revenge of the Sith” ရုပ်ရှင်တွေမှာ ဆက်တိုက် ပါဝင်ခဲ့ပါတယ်။ မင်းသားကြီးဟာ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတာတောင် ‘Star Wars: The Force Awakens’ ရုပ်ရှင်မှာ Chewbacca အဖြစ် ထပ်မံသရုပ်ဆောင်ဖို့ ကြိုးစားခဲ့သေးတယ်လို့ မိသားစုကပြောပါတယ်။ အဲ့ဒီနောက်တော့ သူ့ရဲ့နေရာမှာ ဝင်ရောက်လာတဲ့ Joonas Suotamo ကို ထိန်းကွပ် ညွှန်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
မင်းသားကြီး Mayhew မှာ ဇနီး Angie နဲ့ ကလေး ၃ ဦးကျန်ရစ်ခဲ့ပါတယ်။ အမှတ်တရ အခမ်းအနားကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး နောက်ထပ် လာမယ့် ဒီဇင်ဘာလ အစောပိုင်း ကျရင် “Stars Wars” ပရိသတ်တွေအတွက် အမှတ်တရပွဲကို Empire Con မှာ ကျင်းပပေးဦးမှာ ဖြစ်ပါတယ်။
Ref: asiaone