ဒရာမာ ဇာတ်လမ်းတွဲတွေနဲ့ အချိန်အတန်ကြာ အလှမ်းကွာနေခဲ့တဲ့ ကိုရီးယားမင်းသား ရိန်းဟာ MBC ရုပ်သံလိုင်းကနေ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်မယ့် “Welcome 2 Life” ဆိုတဲ့ ဒရာမာမှာ ပါဝင်မယ်လို့် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အဲ့ဒီဒရာမာမှာ မင်းသမီး Lim Ji Yeon နဲ့ မင်းသား Kwak Si Yang တို့လည်း ပါဝင်လာကြမှာဖြစ်ပါတယ်။ အဲ့ဒီဒရာမာကတော့ စိတ်ကူးယဉ်ဆန်းကြယ် ဒရာမာတခုဖြစ်ပြီးတော့ ဥပဒေကို အခွင့်ကောင်းယူပြီး လူတွေကို ကူညီတတ်တဲ့ တကိုယ်ကောင်းသမား ရှေ့နေတဦးရဲ့ အကြောင်းကို ပုံဖော်မှာ ဖြစ်ပါတယ်။
တနေ့မှာတော့ အဲ့ဒီရှေ့နေဟာ ကံကောင်းတဲ့ မတော်တဆမှုတခုကြောင့် Parallel Universe ထဲကို ရောက်သွားခဲ့ပြီးတော့ ဖြောင့်မတ်တဲ့ အစိုးရ ရှေ့နေတဦးအနေနဲ့ ဘဝကိုဖြတ်သန်းရပုံကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မင်းသား ရိန်းကတော့ တကိုယ်ကောင်းဆန်တဲ့ ရှေ့နေ လီဂျယ်ဆန်းအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
သူဟာ ကိုရီးယားမှာရှိတဲ့ ထိပ်တန်း ဥပဒေကုမ္ပဏီ ၅ ခုထဲက ၁ ခုဖြစ်တဲ့ JK ဥပဒေကုမ္ပဏီက ပြိုက်ဖက်ကင်း ရှေ့နေတယောက်ဖြစ်ပါတယ်။ သူဟာ အမှုတွေမှာအနိုင်ရဖို့ဆိုရင် ဘာမှမရှိတဲ့နေရာကနေ တောင် တခုခုကို ဖန်တီးနိုင်တဲ့ သူတယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ယာဉ်မတော်တဆမှုတခုကြောင့် သူဟာ Parallel Universe ထဲရောက်သွားခဲ့ပြီးတော့ ဖြောင့်မတ်တဲ့ အစိုးရရှေ့နေတယောက်အနေနဲ့ ဘဝကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
မင်းသမီး Lim Ji Yeon ကတော့ ရှေ့နေလီဂျယ်ဆန်းရဲ့ ရည်းစားဟောင်း ထောက်လှမ်းရေးမှူး ရာရှီအွန်အဖြစ် သရုပ်ဆောင်မှာပါ။ သူတို့နှစ်ယောက်ဟာ ဒီဘက်ကမ္ဘာမှာ ကံမစပ်ခဲ့ပေမယ့် တခြားကမ္ဘာမှာတော့ တဦးကို တဦး ထောက်ပံ့ပေးသူတွေအဖြစ် မြင်တွေ့ရမှာပါ။ မင်းသား Kwak Si Yang ကတော့ ရာရှီအွန်ရဲ့ ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ စီနီယာ ဂူဒုံထက်အဖြစ် ပါဝင်မှာပါ။
တကယ့် နာမည်ကျော်တွေ ပါဝင်လာမယ့် အဲ့ဒီ ဒရာမာကိုတော့ လာမယ့် ဇူလိုင်လအကုန်လောက်မှာ ပြသမှာဖြစ်ပြီး သရုပ်ဆောင်ရွေးချယ်မှုလုပ်ငန်းစဉ်တွေ ပြီးရင် စတင်ရိုက်ကူးတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ထူးခြားဆန်းကြယ် ဒရာမာကိုတော့ “Partners for Justice” Season 2 အပြီးမှာ ပြသမှာပဲဖြစ်ပါတယ်။
Ref:soompi