ဒီတခါမှာတော့ ဘောလိဝုဒ် ရုပ်ရှင်ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဇာတ်ကားကောင်းတကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ IMDB rating (8.1) အထိ ရရှိထားတဲ့ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Sujoy Ghosh က ရိုက်ကူးထားတာဖြစ်ပြီး ဘောလိဝုဒ်ရဲ့ နာမည်ကြီး စတားနှစ်ဦးဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ မင်းသမီး Tapsee Pannu တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။
မင်းသား ရှာရွတ်ခန်းရဲ့ Red Chillies Entertainment နဲ့ Azure Entertainment တို့က ပူးတွဲထုတ်လုပ် ထားတဲ့ ဒီဇာတ်ကားဟာဆိုရင် စပိန် ရုပ်ရှင်ဇာတ်ကား “The Invisible Guest” ကို ပြန်လည်ရိုက်ကူးထား တာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေသူ စီးပွားရေးလုပ်ငန်းရှင် နိုင်နာဟာ Focus Business Person ဆုကို ပူပူနွေးနွေးရရှိထားတဲ့ အမျိုးသမီးလုပ်ငန်းရှင် တယောက်ပါ။ သူမရဲ့အောင်မြင်မှုနဲ့အတူ လတ်တလော ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ သူမဟာ လူသတ်မှုတခုရဲ့ သံသယရှိသူအဖြစ်နဲ့ စောင့်ကြည့်ခံထားရတာ ဖြစ်ပါတယ်။
ဟိုတယ်အခန်းတခုထဲမှာ အသတ်ခံထားရတဲ့ အလောင်းတခုနဲ့ သူမကို တွေ့ရှိခဲ့ပြီး သူမ အနေနဲ့ကတော့ ဒါဟာ လုပ်ကြံဖန်တီးမှု တခုဖြစ်ကြောင်းနဲ့ သူမ မသတ်ကြောင်းကို တွင်တွင် ငြင်းဆိုနေတာလည်း ဖြစ်ပါတယ်။ ဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေတခုမှာ နိုင်နာရဲ့ ရှေ့နေ ဂျင်မီက နိုင်နာ့ကို အာမခံနဲ့ ထုတ်ပေးထားပြီး ဒီအမှုကို ဆက်လိုက်ဖို့အတွက် ရှေ့နေသက်တမ်း နှစ်ပေါင်း ၄၀ မှာ တခါမှ မရှုံးဖူးတဲ့ အထင်ကရ ရှေ့နေကြီး ဂု(ပ်)တာနဲ့ ငှားရမ်းတွေ့ဆုံစေခဲ့ပါတယ်။
ဟိုတယ်မှာ အသတ်ခံရတဲ့ အာဂျွန်းဟာ နိုင်နာရဲ့ တိတ်တိတ်ပုန်းချစ်သူ ဖြစ်တဲ့အပြင် ဒီကြားထဲမှာမှာ ဆန်နီဆိုတဲ့ ကောင်လေး တယောက်ကပါ ပျောက်ဆုံးနေပြီး အာဂျွန်းနဲ့ နိုင်နာတို့ရဲ့ တိတ်တိတ်ပုန်း အခြေအနေကို သိရှိသွားတဲ့ ငွေညှစ်သူတဦးတို့က ဒီဇာတ်လမ်းကို အသက်ဝင်အောင် ဆွဲဆောင်ထားတာပါ။
ပါဝင်တဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ခန့်မှန်းရခက်တဲ့ အခြေအနေတခုကြောင့် ရှေ့နေကြီး ဂု(ပ်)တာနဲ့ နိုင်နာတို့ အမှုမှန်ကို ဖော်ထုတ်နိုင်ပါ့မလား၊ သံသယ တရားခံဖြစ်တဲ့ နိုင်နာရဲ့ထွက်ဆိုချက်တွေကရော အမှန်တကယ်လား ဆိုတာကတော့ ဒီဇာတ်ကားကို ထိုင်ရာကနေ မထတမ်း ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာဆိုရင်တော့ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ Positive Review ပေါင်းများစွာကို ရရှိထားတာဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးတဲ့ Production Budget အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၈ သန်း အသုံးပြုခဲ့ရာမှာ Box office မှာ အမေရိကန်ဒေါ်လာ ၁၉ သန်း အထိ ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတကား ဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်ညွှန်းဆိုပေးလိုက်ပါတယ်။