Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 ကနေ ပရိသတ်အားပေးမှု ရရှိလာခဲ့တဲ့ အသံအားကောင်းကောင်းနဲ့ Rock သီချင်းတွေ သီဆိုတတ်တဲ့ အဆိုတော် မိုင်းမိုင်ဆိုင်းက အချစ်ရေးနဲ့ ပတ်သက်လို့ ချစ်သူက အနုပညာလောကထဲက မဟုတ်ဘဲ အပြင်ကသူ ဖြစ်တယ်လို့ ဆိုပါတယ်။
“မိုင်းမိုင်က ချစ်တတ်တဲ့အတွက် အချစ်မရှိရင် မနေတတ်ဘူး။ အချစ်ရေးက အေးဆေးပါပဲ။ သူက အနုပညာလောကထဲက မဟုတ်ပါဘူး။ အပြင်ကပါ။ ဒီလောက ရှုပ်ထွေးတယ်လေ ဒီလောကထဲ မဟုတ်လေ ကောင်းလေပဲ။ မိုင်းမိုင်က ကြည့်ရင်တော့ ကြမ်းကြမ်းရမ်းရမ်း ဆိုပေမယ့် မိုင်းမိုင်လောက် ချစ်တတ်တာ မိုင်းမိုင်ပဲ ရှိပါတယ်။ အရမ်းချစ်တတ်တော့ အရမ်းခံစားလွယ်တယ်။ ကြည့်ရင်ကို မာတယ် ထင်ရပေမယ့် ပျော့ တဲ့သူတွေထက် မျက်ရည် ပိုလွယ်တယ်”
“ချစ်သူက အနုပညာနဲ့ ပတ်သက်ရင် တောက်လျှောက် အကြံဉာဏ်ပေးပါတယ်။ စာနယ်ဇင်းပွဲတွေဆို ဘယ်လိုဝတ် ဘယ်လိုပြော။ မိုင်းမိုင် အရင်တုန်းက စကားပြောပုံတွေက ဘယ်လို အဲ့လိုတွေ မပြောနဲ့လို့ ပြောပြပေးတယ်။ အဝတ်အစားဝတ်တာက အစ တီရှပ်နဲ့ ဂျင်းဘောင်းဘီပဲ မဝတ်နဲ့။ အဝတ်အစား ဝတ်ဖို့ ပုံစံလေးတွေက အစပြောပြပေးပါတယ်”
“ပြိုင်ပွဲပြီးသွားမှ ချစ်သူ ရတာပါ။ မိုင်းမိုင်ထက် ချစ်သူက အသက်ကြီးပါတယ်။ မိုင်းမိုင်ကလေ ကိုယ်သာရုပ် မချောတာ ချောချောလေးတွေပဲ ကြိုက်တာ။ ချစ်သူက ချောပါတယ်။ မိုင်းမိုင်က ပါးသိုင်းမွေးတွေ ရှိရင် ကြိုက်တယ်။ ထားခဲ့ဖူးတဲ့ ချစ်သူတွေလည်း မုတ်ဆိတ်မွေး ပါးသိုင်းမွေးလေးတွေ ရှိတယ်။ ချစ်သူကိုတော့ ပရိသတ်ကို ချမပြသေးဘူး။ ယူမှပဲ ချပြတော့မယ်”လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။
Myanmar Idol ကမောင်နှမတွေကိုလည်း အချစ်ရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ဖြစ်သလို တခါတလေ ခံစားရတာတွေရှိရင်လည်း ကိုယ့်ဘာသာကိုယ် ကြိတ်ပြီး ငိုလိုက်တယ်လို့ မိုင်းမိုင်ဆိုင်းက ဆိုပါတယ်။
“Idol မောင်နှမတွေ ဆုံရင်တော့ အစားအကြောင်း တိုင်ပင်တယ်။ ထမင်းဟင်းတွေ ချက်စားတယ်။ မချက်စားချင်ရင် ဆိုင်ထိုင်ကြတယ်။ အစားတလိုင်းပါ။ အချစ်ရေးလည်း တိုင်ပင်ဖြစ်တယ်။ ခံစားရရင် မိုင်းမိုင်က သောက်တတ်တဲ့သူနဲ့ဆို သောက်လိုက်တယ်။ မသောက်တတ်တဲ့သူနဲ့ဆို ပြောပြီး ငိုလိုက်တယ်။ တခါတလေ ကိုယ့်ဟာနဲ့ကိုယ် ကြိတ်ပြီး ငိုလိုက်တယ်”လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။
မိုင်းမိုင်ဆိုင်းရဲ့ “ခေတ်သစ်နီတိ” တကိုယ်တော်တေးစီးရီးကို မေလ ၄ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး Bo Bo Entertainmemt ကနေ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Myanmar Idol Season 2 မောင်နှမများနဲ့လည်း မေလ ၄ ရက်နေ့၊ လှည်းတန်းစင်တာမှာ အခွေ Promotion Show ကို ကျင်းပသွားမယ်လို့ သိရပါတယ်။