အနောက်တိုင်း ရုပ်သံစီးရီးချစ်သူတွေပဲ ဖြစ်ဖြစ် ဖျော်ဖြေရေးအနေနဲ့ ခံစားချင်တဲ့သူပဲ ဖြစ်ဖြစ် ကိုယ့်အကြိုက် သူ့အကြိုက်ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ အခုဖော်ပြမယ့် “Friends” ဆိုတဲ့ ရုပ်သံစီးရီးကတော့ ကြည့်ရှုသူတွေရဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ လေ့လာမှုတခုမှာ ဖော်ပြထားပါတယ်။
Ross Geller, Rachel Green, Monica Geller, Joey Tribbiani, Chandler Bing နဲ့ Phoebe တို့ကတော့ အဲဒီ စီးရီးထဲက အဓိက ဇာတ်ကောင် ၆ ယောက် ဖြစ်ပါတယ်။ ဒါရိုက်တာ David Crane နဲ့ Marta Kauffman တို့ရိုက်ကူးထားတဲ့ အဲဒီ စီးရီးဟာ ဇာတ်ကောင်တခုချင်းစီရဲ့ မိသားစုရေးရာ ပြဿနာတွေနဲ့ အချစ်ရေးအကြောင်း ဖော်ကျူးထားတာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အထူးခြားဆုံး စီးရီးတခုဖြစ်ရုံသာမက အဲဒီ အမေရိကန် ရုပ်သံစီးရီးဟာ စစ်မှန်တဲ့ သူငယ်ချင်း သံယောဇဉ်ရဲ့ အဓိပ္ပာယ်ကိုလည်း ဖွင့်ဆို သင်ကြားပေးပါတယ်။ အဲဒီစီးရီးဟာ ဖျော်ဖြေရေးထက် ပိုတဲ့ ကောင်းကျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စိတ်ပညာရှင် Marc Hekster ရဲ့အဆိုအရ “Friends” စီးရီးကို ကြည့်ရှုခြင်းဟာ စိုးရိမ်ကြောင့်ကြမှုကို ခံစားနေရတဲ့သူတွေကို အကူအညီ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
Joyscribe မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူက “စိုးရိမ်ကြောင့်ကြမှုကို ကြုံတွေ့ခံစားနေရတဲ့သူတွေနဲ့ နှစ်ပေါင်း ၂၀ ကျော်လောက် အလုပ်လုပ်လာပြီးတဲ့နောက်မှာ အခြားကဏ္ဍတွေထဲမှာ “Friends” နဲ့ “Big Bang Theory” တို့လိုမျိုး အစီအစဉ်တွေရဲ့ ဆက်စပ်သဘောသဘာဝတွေဟာ လှည့်ကွက် တခုလိုမျိုးတောင် ဖြစ်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီ စိတ်ပညာရှင်က အမေရိကန်စီးရီးဟာ စိတ်သက်သောင့်သက်သာဖြစ်မှုနဲ့ စိတ်အေးချမ်းမှုကို ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ သူက “Friends ဇာတ်လမ်းတွဲကို ကြည့်ခြင်းဟာ ပြန်လည်ပြင်ဆင်မှု အတွေ့အကြုံတခုဖြစ်ပါတယ်။ စိုးရိမ်မှုတွေ ထပ်ခါတလဲလဲ ဖြစ်နေတဲ့ စီးရီးတွေထဲက ဇာတ်ကောင်တွေကို ကြည့်ပြီးတော့ ကျနော်တို့ရဲ့ဘဝတွေထဲက အချစ်ရေးလိုမျိုးအရာတွေမှာ ပြင်ဆင်ချောမွေ့အောင် လုပ်နိုင်ပါတယ်”
“အပိုင်းတခုစီတိုင်းမှာ ရှုပ်ထွေးတဲ့ ပြဿနာတွေကို အဓိကထား ဖော်ပြထားပြီးတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဖြေရှင်းမှုတွေက အဲ့ဒီစီးရီးရဲ့ အသက်ပဲ ဖြစ်ပါတယ်။ တကယ့်ကိုပဲ လွတ်မြောက်မှုပါပဲ။ အကောင်းဆုံးပါ။ ကြည့်ကြပါ”လို့ ပြောဆိုခဲ့ပါတယ်။
“Friends” ဇာတ်လမ်းတွဲကို NBC ရုပ်သံလိုင်းကနေ ၁၉၉၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ကနေ ၂၀၀၄ ခုနှစ် မေလ ၆ ရက်နေ့အထိ Season ၁၀ ခုစာနဲ့ ထုတ်လွှင့်ခဲ့တာပါ။ သရုပ်ဆောင်တွေအဖြစ် Jennifer Aniston၊ Courteney Cox၊ Lisa Kudrow ၊ Matt LeBlanc၊Matthew Perry နဲ့ David Schwimmer တို့ ပါဝင်ထားကြပါတယ်။
Ref:asiaone