ဆီးချိုဝေဒနာကို ပြင်းထန်စွာ ခံစားနေရသလို ကျောက်ကပ်ကလည်း ပျက်စီးနေပြီ ဖြစ်တဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ကိုတော့ အဆိုတော် ပိုပိုက ကျန်းမာရေး ထောက်ပံ့ငွေကျပ် ၅ သိန်းနဲ့ ကျောက်ကပ်ဆောင်က လူနာတွေကို တယောက် ၁ သောင်းနှုန်းနဲ့ ၃ သိန်းကျော် လှူဒါန်းခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပိုပို အန်တီ ကစ်ကို ၅ သိန်းလှူတယ်။ တခြား ကျောက်ကပ်ဆောင်ကို တယောက် ၁ သောင်းနှုန်းနဲ့ ၃သိန်းကျော် လှူဒါန်းခဲ့ပါတယ်။ ပိုပိုက နိဗ္ဗာန်ဆော်ပါ။ ပိုပိုတယောက်တည်းတော့ မလှူနိုင်ပါဘူး။ သူငယ်ချင်း အစ်ကိုနဲ့ သူငယ်ချင်းတွေ ပေါင်းပြီးလှူတာပါ။ ပထမတခေါက်ကလည်း အန်တီကစ်ကို လှူဖူးတယ်။ အခုလည်း လှူချင်တယ်”
“အခု အိမ်ဆောက်နေတာနဲ့ ငွေ ကြပ်နေတော့ စိတ်မကောင်းဖြစ်နေတာ။ သူငယ်ချင်း တယောက်က လှူမလားဆိုတာနဲ့ ပြောတော့ ၁ သိန်းလှူချင်တယ်လို့ ပြောနေတုန်း ပိုပိုနဲ့ ထိုင်စကားပြောနေတဲ့ သူငယ်ချင်း အစ်ကိုကလည်း သူလည်း လှူမယ်ဆိုပြီး ၇ သိန်းလောက် လှူတယ်။ နောက်ကျန်တဲ့သူတွေက နည်းနည်းစုပြီး လှူတာပေါ့”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။
“အန်တီကစ်က အခြေအနေ သိပ်မကောင်းဘူး။ အရမ်းပိန်သွားတယ်။ ပထမ တခေါက်သွားတုန်းက ပိုပိုတို့ကို စကားတွေပြောနိုင်သေးတယ်။ ပြောရရင် သူစကားတွေ ပြောချင်တာနေတာ သူ့စိတ်ပဲ ရှိတယ်။ ပိုပိုလာတော့ ပိုပို့ကို သိတယ်။ စကားတွေ ပြောချင်နေတာ မပြောပါနဲ့။ မောမယ်လို့ ပြောရတယ်။ အန်တီကစ်ရဲ့ သမီးကိုတော့ ဘုရားစာရွတ်ပေး၊ တရားမှတ်ခိုင်းလို့တော့ မှာခဲ့တယ်”လို့ ပိုပိုက ပြောပါတယ်။
သရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေးကို ထာဝရ အလှူရှင်အဖြစ် လှူဒါန်းပေးနေတဲ့ ခင်သဇင်ကလည်း ရှိသလောက်နဲ့ ခြစ်ကုတ်၊ ခြွေတာပြီး လှူဒါန်းကာ လောလောဆယ်တော့ အလှူငွေ မကောက်သေးဘူးလို့ ဆိုပါတယ်။
“မကစ်က ကုတင် ၅၀၀ မှာပါ။ သူက ရာသီဥတု ပူတော့ ရေသောက်လိုက်တာ ရေများသွားတာ။ ရေများရင် သူ့အဆုတ်က ဖောက်မှာပဲ။ ရေသောက်များသွားတော့ အမောဖောက်တာ။ အခါတိုင်း ကျောက်ကပ်ဆေးတာက တပတ်ကို ၃ ကြိမ်ဆေးတယ် ဆိုရင် အခုလို အမောဖောက်ရင် တပတ်ကို ၅ ကြိမ်လည်း ဟုတ်တယ်။ ၆ ကြိမ်လည်း ဟုတ်တယ်။ ဆေးရုံတင်ပြီး ကျောက်ကပ် ပုံမှန်ဆေးရင် ကောင်းသွားမှာပါ”
“သဇင်ကို အားနာလို့တဲ့။ တင်တင်ချင်းနေ့မှာတော့ ဖုန်းမဆက်ကြဘူး။ သဇင်မန္တလေးရောက်နေတုန်းကတော့ ပိုက်ဆံလှမ်းလွှဲ ပေးလိုက်တယ်။ ဆေးရုံတက်နေရတာကိုတော့ မပြောပြဘူး။ အလှူငွေတော့ မကောက်သေးဘူး။ ပိုက်ဆံက နည်းနည်းကျန်နေသေးတယ်။ ဆေးရုံရက်ရှည် တက်ရပြီး အခြေအနေဆိုးမှ အလှူကောက်မယ်ဆိုတာကို ပြောမယ်။ အခုတော့ ရှိသလောက်နဲ့ ခြစ်ကုတ်ပြီး ခြွေတာပြီး သုံးမယ်” လို့ ခင်သဇင်က ဆိုပါတယ်။
ဆက်လက်ပြီး “ဒါတောင် အလှူမခံဘဲနဲ့ မကစ် ကံကောင်းတော့ အလှူငွေတွေ လာပေးကြပါတယ်။ ကိုမင်းကို တင်လိုက်လို့သာ သဇင်ကတော့ ပို့စ် မတင်ဘူး။ ခဏခဏ ဆေးရုံ တက်ရတာကို ပေးမသိချင်ဘူး။ ပေးမသိချင်ဘူးဆိုတာကလည်း မျောက်ပြဆန်တောင်းတယ်လို့ ပြောခံရမှာစိုးလို့။ လူဆိုတာ ၁ ခါ ကောင်းတယ်၊ ၂ ခါကောင်းတယ်။ ၃၊ ၄၊ ၅ ခါဆို ဖြစ်ပြန်ပြီ၊ ဖြစ်ပဲဖြစ်နေတာပဲ။ သိတဲ့ သူကျတော့လည်း သိတယ်”
“ကျောက်ကပ် ရောဂါက ရေသိပ်မသောက်ရဘူး။ ရေသောက်တာ များသွားလို့ ဖြစ်တာ။ ဒါကိုယ့်အမှားကြောင့် ဖြစ်တာဆိုတော့ ခဏခဏ အလှူငွေတောင်းနေရင် မကစ်လည်း မကောင်းဘူး။ သဇင်လည်း မကောင်းဘူး။ အခြေအနေ အရမ်းဆိုးပြီး အလှူငွေခံဖို့ လိုလာရင်လည်း ကောက်သွားမှာပါ။ သဇင်ကိုယ်တိုင်လည်း ထာဝရအလှူရှင်မို့ လစဉ် လှူနေပါတယ်”လို့ ခင်သဇင် ကပြောပါတယ်။
ဟာသသရုပ်ဆောင် ကစ်ကစ်က လောလောဆယ်မှာတော့ ရန်ကုန်မြို့ ကုတင် ၅၀၀ ဆန့် ဆေးရုံမှာ ကျောက်ကပ်ရောဂါကုသဖို့ တက်ရောက်နေတယ်လို့ သိရပါတယ်။