သရုပ်ဆောင် နိုင်းနိုင်းက ဆရာကြီး မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်နဲ့ စနေမောင်မောင် ဝတ္ထု၊ ဇာတ်ကောင်များကို ရိုက်ကူးမယ့် ရုပ်ရှင်ကားများမှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံလိုက်တာက ဇာတ်ကောင်ကို အရမ်း စိတ်ဝင်စားတာကြောင့်လို့ ဧရာဝတီကို ပြောပါတယ်။
“ဒီဝတ္ထုတွေက ရိုက်ဖို့ အင်မတန်မှ ခက်တယ်။ ဒီဘက်ခေတ် မဟုတ်တဲ့အတွက် ရိုက်ဖို့ ခက်တယ်။ ဒါကတော့ ဒါရိုက်တာ ပညာပေါ့နော်။ ကျနော်လည်း အရမ်းစိတ်ဝင်စားပါတယ်။ စနေမောင်မောင်၊ ဆားပုလင်းနှင်းမောင်ဆိုတဲ့ ဇာတ်ရုပ်တွေက ကျနော် စိတ်ဝင်စားတယ်။ ကျနော်တို့နဲ့လည်း မစိမ်းဘူးလေ။ စဉ်းစားရတဲ့အရာတွေ ပါတယ်။ အက်ရှင်ကတော့ နည်းတယ်။ ဆရာကြီးမင်းသိင်္ခရဲ့ ဇာတ်လမ်းတွေ၊ ရုပ်ပြတွေက လူစိတ်ဝင်စားမှု များတယ်”
“သာမန် ကြည့်လိုက်ရင် စုံထောက်ဇာတ်လမ်းလိုပဲ တကယ်တမ်းကျတော့ စိတ်ပညာရပ်တွေလည်း အများကြီး ပါတယ်။ ဒီဘက်ခေတ်မှာ ရိုက်ရမှာဆိုတော့ အဝတ်အစား၊ ဒီဇိုင်းကာလာပေါ့နော်။ နောက်ပြီး ပစ္စည်းအသုံးအဆောင်တွေကို တကယ် ပီပီပြင်ပြင်နဲ့ ရိုက်ပြနိုင်မှသာလျှင် ဒီဝတ္ထုတွေက ရုပ်လုံးပေါ်မှာပေါ့။ တော်တော်ကို ခက်ခဲပါတယ်”လို့ နိုင်းနိုင်းက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး “ဒါရိုက်တာကလည်း ရတယ် ချမယ်။ ကျနော်ကလည်း ဒီကာရိုက်တာတွေကို စိတ်ဝင်စားတယ်။ ဘယ်ကာရိုက်တာတွေကို ပေးမယ်ဆိုတာကတော့ ရိုက်ကူးတော့မှသာလျှင် သိမှာပါ။ စနေမောင်မောင်လား၊ ဆားပုလင်းနှင်းမောင်လား၊ တခြား ကာရိုက်တာဖြစ်မလား။ အားလုံးဆွေးနွေး ညှိုနှိုင်းပြီးမှသာလျှင် လိုက်မယ့်ကာရိုက်တာကို ဝင်ပြီး သရုပ်ဆောင်မှာပါ”လို့ နိုင်းနိုင်းက ဆိုပါတယ်။
ဒီဇာတ်လမ်းတွေဟာ အရင်က ဗီဒီယို ဇာတ်ကားတွေမှာလည်း အများကြီး ရိုက်ခဲ့တဲ့အတွက် အဲဒီထဲကနေဘယ်လို ခွဲထွက်ကြမလဲဆိုတဲ့ အမေးကိုလည်း နိုင်းနိုင်းက အခုလိုပဲ ဖြေပါတယ်။
“အဲဒါတွေလည်း ကျနော်တို့အများကြီး စဉ်းစားထားပါတယ်။ ပရိုဂျူဆာပိုင်းရော၊ ဒါရိုက်တာပိုင်းရော၊ ကျနော်တို့ သရုပ်ဆောင်ပိုင်းရော အရှေ့မှာလည်း အကြိမ်ကြိမ် စကားတွေ ပျိုးပြီးတော့မှ၊ လုပ်နိုင်လား မလုပ်နိုင်လား အကြိမ်ကြိမ်စဉ်းစားပြီးမှ၊ ငါတို့ လုပ်နိုင်တယ်၊ ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့ ဒီ Golden Hour ဘက်ကနေ ဒီဝတ္ထုတွေကို ဝယ်လိုက်တာပေါ့နော်”
“ဒါရိုက်တာကလည်း သူ့ကိုယ်သူ ယုံကြည်တယ်။ ကျနော်ကလည်း သူ့ကို ယုံတယ်။ သူနဲ့ ကျနော်နဲ့ကလည်း အခုမှ တွဲလုပ်ဖြစ်တာ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ကြေငြာတွေလည်း ရိုက်ခဲ့ဖူးတယ်။ သူ့လက်စကို ကျနော်သိတယ်။ ဒါကြောင့် Golden Hour နဲ့ ရိုက်ကူးဖို့ ရင်ကြားစေ့ပေးလိုက်တဲ့ သဘောပါပဲ”လို့ နိုင်းနိုင်းက ဖြေပါတယ်။

အခုလိုမျိုး နိုင်ငံကျော် ဝတ္ထုနဲ့ သူ့ရဲ့ နာမည်ကျော် ဇာတ်ကောင်နေရာကနေသရုပ်ဆောင်ရမှာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးစိန်ခေါ်မှုတွေ ရှိလဲဆိုတာကို နိုင်းနိုင်းက အခုလိုပဲ ဆိုပါတယ်။
“အန္တရာယ် အရမ်းကြီးလားဆိုတော့ အင်းပေါ့။ တာဝန်ယူမှုကတော့ ရှိတာပေါ့နော်။ သူ့ရဲ့ဇာတ်ကောင်နဲ့ လိုက်ဖက်တဲ့ နေရာကိုပဲ ကျနော့်ကိုပေး၊ မလိုက်ဖက်တဲ့ နေရာကို ကျနော် အတင်းမယူဘူး။ ငါချည်းပဲ ငါကြိုက်တဲ့ နေရာပဲ ငါ့ကိုပေး ဆိုတာမျိုး မရှိဘူး”လို့ နိုင်းနိုင်းက ပြောပါတယ်။
ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေ အများကြီးရိုက်ခဲ့တဲ့ နိုင်းနိုင်းဟာ အရင်ခေတ်နဲ့ အခုခေတ် အပြောင်းအလဲ အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“အများကြီး ပြောင်းလဲတယ်ဗျ။ အလုပ်တခုကို မလုပ်ခင်မှာ အကြိမ်ကြိမ် Meeting တွေ လုပ်တယ်။ ပရိသတ်ကို မပြခင်မှာ ကျနော်တို့ Pre-production နဲ့ ခဏခဏ တွေ့ဆုံကြတယ်။ အဲဒါတွေရဲ့ရလဒ်က ဘာလဲ ဆိုတော့ ၁၀၀ ရာခိုင်နှုန်း မကောင်းရင်တောင်မှ ၇၀ ရာခိုင်နှုန်းကောင်းရင်တောင် ပရိသတ်က လက်ခံပေးတယ်”
“နောက်တစ်ခုက ခွင့်လွှတ်ပြီး ကြည့်ပေးတယ်။ သုံးရတဲ့ ဘတ်ဂျက်နဲ့ ပြန်ရတဲ့ဝင်ငွေ မမျှတာတွေပေါ့။ ဒါတွေကို ပရိသတ်က သိသွားကြပြီ။ အဲဒါတွေရဲ့အကျိုးကျေးဇူးတွေက ရုံတင်လို့ ပရိသတ်ကြည့်တဲ့အခါ ကျနော်တို့ထားတဲ့ စေတနာတွေ ပရိသတ် သိမှာပါ။ အခု ဒီဇာတ်လမ်းဆိုရင် ကျနော်တို့ ဒီနှစ်ထဲမှာ ရိုက်ဖြစ်ချင်မှ ရိုက်ဖြစ်မှာပါ”
“အဝတ်အစားတွေ၊ Location တွေ သေချာ စဉ်းစားပြီးမှ ပြင်ဆင်ရွေးချယ်ပြီးမှ ရိုက်ကူးရမှာပါ။ အရင်တုန်းက ဇာတ်ကားတွေမှာ သွားရင်းလာရင်း၊ ပြင်ရင်းဆင်ရင်း အိမ်ထဲမှာပဲ လှည့်ပတ်ပြီးတော့ ရိုက်ကူးတယ်။ အပြင်ထွက်ရလည်း နည်းနည်းပေါ့။ ဒီကားကတော့ အဘက်ဘက်က အများကြီး ပြင်ဆင်ရမှာပါ”လို့ နိုင်းနိုင်းက ဧရာဝတီကို ပြောပါတယ်။
ဆားပုလင်းနှင်းမောင်နဲ့ စနေမောင်မောင် ရုပ်ရှင်ကားကြီးဟာ နိုင်းနိုင်းနဲ့ Golden Hour ရဲ့ ၆ ကားမြောက် လက်တွဲ ရိုက်ကူးဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားကိုတော့ ဒါရိုက်တာ သီဟစိုးက ရိုက်ကူးမှာဖြစ်ပြီး အခြား သရုပ်ဆောင်များအနေနဲ့ သရုပ်ဆောင် ဒေါင်းနဲ့ အောင်မြင့်မြတ်တို့ကိုလည်း ရွေးချယ်ထားတယ်လို့ သိရပါတယ်။