Disney နဲ့ Marvel တို့ရဲ့ “Avengers: Endgame” ရုပ်ရှင်ဟာ ကမ္ဘာ့ရုပ်ရှင်ဝင်ငွေ သမိုင်းမှာ စံချိန်တခုကို တင်လိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအထိ ဝင်ငွေရလဒ်တွေအရ ပြသပြီး သီတင်းနှစ်ပတ် တောင် မရှိသေးတဲ့အချိန်မှာပဲ ဝင်ငွေ ဒေါ်လာ ၂ ဒဿမ ၁၉ ဘီလီယံ ရရှိသွားလို့ သမိုင်းမှာ ဒုတိယမြောက် ဝင်ငွေ အကောင်းဆုံးရုပ်ရှင် ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ဟာ မြောက်အမေရိကဈေးကွက်မှာ ပြီးခဲ့တဲ့ ၃ ရက်တာ သီတင်းပတ်ကုန်ပိုင်းမှာတော့ ဒေါ်လာ ၁၄၅ ဒဿမ ၈ သန်း ရရှိမယ်လို့ ခန့်ထားခဲ့ပြီးတော့ အခု ရလဒ်တွေအရဆိုရင် ဒေါ်လာ ၂ ဒဿမ ၀၇ ဘီလီယံရရှိထားတဲ့ “Star Wars: The Force Awakens” ရုပ်ရှင်နဲ့ ဒေါ်လာ ၂ ဒဿမ ၁၈ ဘီလီယံရရှိခဲ့တဲ့ “Titanic” ရုပ်ရှင်တို့ကို ကျော်တက်သွားပြီလည်း ဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်အထက်မှာတော့ ဒေါ်လာ ၂ ဒဿမ ၇၉ ဘီလီယံရရှိထားတဲ့ “Avatar” ရုပ်ရှင်တခုသာ ကျန်ပါတော့တယ်။ ပြီးတော့ တရုတ်နိုင်ငံ ဈေးကွက်တခုတည်းမှာပဲ ဒေါ်လာ ၅၇၅ ဒဿမ ၈ သန်းကို အချိန် ၁၁ ရက်အတွင်းမှာ အမြန်ဆုံးရရှိထားတဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဟောလိဝုဒ်ရဲ့ လေ့လာသုံးသပ်သူတွေကလည်း အခု Avengers ရုပ်ရှင်ကို တော်တော်လေး မျှော်မှန်းထားကြပြီးတော့ ရုပ်ရှင်သုံးသပ်တဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Rotten Tomatoes မှာတော့ ရှားရှားပါးပါး ၉၆ ရာခိုင်နှုန်း အကောင်းမြင် မှတ်ချက်ပြုခံထားရတာကို တွေ့ရပါတယ်။
အဲဒီ ရုပ်ရှင်မှာဆိုရင် Robert Downey Jr., Chris Evans, Mark Ruffalo, Chris Hemsworth, Scarlett Johansson, Bradley Cooper နဲ့ Josh Brolin တို့က အဓိကခေါင်းဆောင် ပါဝင်ထားကြတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း မြောက်အမေရိက ရုံဝင်ငွေစာရင်းထဲ ဝင်ငွေအများဆုံးရုပ်ရှင်တွေထဲမှာ ဒုတိယနေရာမှာတော့ ဒေါ်လာ ၁၁ သန်းနဲ့ ဆိုနီကုမ္ပဏီရဲ့ သည်းထိတ်ရင်ဖို စိတ္တဇရုပ်ရှင် “The Intruder “ က ရပ်တည်နေပါတယ်။
တတိယနေရာမှာကတော့ Lionsgate ထုတ်လုပ်ရေးရဲ့ အချစ်ဟာသဇာတ်မြူး “Long Shot” ရုပ်ရှင်က ဒေါ်လာ ၁၀ သန်းနဲ့ ရပ်တည်နေပါတယ်။ စတုတ္ထနေရာမှာကတော့ STX Films ရဲ့ အန်နီမေးရှင်း ရုပ်ရှင် “UglyDolls” က ဒေါ်လာ ၈ ဒဿမ ၅ သန်းနဲ့ ရပ်တည်နေပါတယ်။ ပဉ္စမနေရာမှာကတော့ ပြသတာ သီတင်း ၉ ပတ်ကြာပြီဖြစ်တဲ့ Disney ရဲ့ “Captain Marvel” ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၄ ဒဿမ ၃ သန်းရရှိခဲ့ပါတယ်။
Ref: asiaone