သရုပ်ဆောင် မို့မို့မြင့်အောင်က မူးယစ်ဆေးဝါးအမှုနဲ့ လက်ရှိမှာ ထောင်ကျနေတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လွှတ်ပေးတဲ့အထဲ မပါဝင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်နေပြီး မိုးအောင်ရင်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အတူ လွတ်မြောက်စေချင်တယ်လို့ မီဒီယာတွေကို ပြောပါတယ်။
“ဘယ်ပြောရမလဲလေ။ ကိုယ်က ဒီလိုမျိုးကြားတာ လွတ်စေချင်တာပေါ့။ နိုင်ငံခြားက ဂျက်ကီချန်းသားတောင်မှ လွတ်သွားသေးတာပဲလေနော်။ မမို့ သားလေးကိုလည်း လွတ်စေချင်ပါတယ်။ သားလေးက ဖြစ်တော့သာ ဖြစ်သွားတာ ဆိုးတဲ့အထဲမှာ မပါဘူး။ မှားတဲ့ဟာကိုတော့ အမှန်အတိုင်း ဝန်ခံရမှာပေါ့နော်။ မမို့ သားလေးက သိပ်လိမ္မာတယ် လို့တော့ ပြောလို့မရပါဘူူး။ မှားသွားတာပေါ့နော်”
“သူက မိဘကို လုပ်ကျွေးနေတဲ့ သားလိမ္မာလေးတယောက်ပါ။ အဲ့ဒီအကျိူးထူးကို ပြန်ခံစားရမယ်ဆိုလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ မမို့ကတော့ သူ့ကို အနုပညာအခြေအနေ ရပ်တည်မှု မကောင်းတဲ့အခါ ကျတော့ အနုပညာမှာ မလုပ်စေချင်ပါဘူး။ သူ့ကို စီးပွားရေးဘက်ပဲ ပြန်လုပ်ခိုင်းမှာပါ”လို့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ပြောပါတယ်။
မိုးအောင်ရင်ရဲ့ အမှုကိစ္စ စဖြစ်တဲ့အချိန်မှာလည်း လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့သလို သား တယောက်လို ချစ်ရတဲ့သူဖြစ်တာကြောင့်လည်း ဆုံးမစကားတွေ ပြောခဲ့သေးတယ်လို့ မို့မို့မြင့်အောင်က ပြောပါတယ်။
“မမို့ ကိုယ်တိုင် လိုက်ချင်တယ်။ တခေါက်ပြောတုန်းကဆို ဝင်ရ နည်းနည်းခက်ခဲတယ် ဆိုတာနဲ့ မတွေ့လိုက်ရတာပါ။ ပထမတုန်းကတော့ သူ့အဖေနဲ့ အမေ မရောက်ခင်တုန်းက ကလေး စားဖို့သောက်ဖို့ ပိုက်ဆံသွားပို့ပေးထားတယ်။ တပတ်တခါ သူကြိုက်တတ်တဲ့ အစားအစာတွေ မမို့ ပို့ပေးပါတယ်”
“သူ့မိဘ မရောက်ခင်တုန်းကလည်း ဖုန်းတော့ပြောဖြစ်တယ်။ သားသား လိမ်လိမ်မာမာနေ၊ မှားသွားတာကိုတော့ အမှားအတိုင်း ဝန်ခံရမယ်။ ဒါပေမဲ့ သား အမှားကြီး မဟုတ်တာတော့ သေချာအောင်တော့ပြော လူငယ်ဆိုတာကတော့ မှားတတ်တာပဲလေ”လို့ မို့မို့မြင့်အောင်က ဆိုပါတယ်။
အကယ်ဒမီများရှင် သရုပ်ဆောင် မို့မို့မြင့်အောင်ဟာ မိုးအောင်ရင် အနုပညာလောကထဲကို ရောက်ရှိလာဖို့ သရုပ်ဆောင်ပိုင်းက အစ သင်ကြားပေးခဲ့တာ ဖြစ်ပြီး မိုးအောင်ရင်က သားတယောက်လို ချစ်ရသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးနဲ့ ပုဇွန်တောင်မြို့နယ် တရားရုံးတို့မှ ထောင်ဒဏ် ၁၂ နှစ်နဲ့ ၅ နှစ် စုစုပေါင်း ၁၇ နှစ် ကျခံနေတာဖြစ်ပါတယ်။