Sussex မြို့စားကတော် မင်းသမီး မီဂန်မာကယ်ဟာ သားယောကျာ်းလေးတဦးကို မွေးဖွားလိုက်ပြီလို့ Sussex မြို့စား တော်ဝင်မင်းသား ဟယ်ရီက မေလ ၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ပျော်ရွှင်နေတဲ့ မင်းသား ဟယ်ရီက သူတို့နှစ်ယောက်လုံးဟာ တော်တော်လေးကို စိတ်လှုပ်ရှားခဲ့ကြပြီး သူတို့ကို အားပေးထောက်ခံကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။
မိခင်မီဂန်ရော ရင်သွေးလေးရော ကျန်းကျန်းမာမာ ရှိကြတယ်လို့ သူကပြောဆိုပြီး ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၆ မိနစ်မှာ မွေးဖွားခဲ့တဲ့ မွေးကင်းစ ရင်သွေးလေးကို နာမည်ပေးဖို့ စဉ်းစားနေပြီလို့လည်း ဆိုပါတယ်။
ကလေးဟာ အလေးချိန် ၇ ပေါင်နဲ့ ၃ အောင်စ ရှိတယ်လို့ဆိုပြီး မင်းသား ဟယ်ရီဟာလည်း ဇနီးသည် မီးဖွားတဲ့ နေရာမှာ ရှိနေခဲ့တယ်လို့ Buckingham နန်းတော်က ဆိုပါတယ်။ အဲဒီ သားယောကျာ်းလေးဟာ ဗြိတိန် ထီးမွေ နန်းမွေ ဆက်ခံမယ့် သတ္တမမြောက် နေရာမှာ ရှိပါတယ်။
သူ့ရဲ့အရှေ့မှာတော့ ဝေလမင်းသား၊ Cambridge မြို့စား၊ သူ့ရဲ့ရင်သွေးတွေဖြစ်တဲ့ မင်းသားလေး George ၊ မင်းသမီးလေး Charlotte ၊ မင်းသားလေး Louis နဲ့ မင်းသား ဟယ်ရီတို့ အစဉ်လိုက် ရှိကြပါတယ်။
ပြီးတော့ အဲဒီ ကလေးဟာ ဘုရင်မကြီး အဲလိဇဘက်အတွက် အဋ္ဌမမြောက် မြစ်တော် ဖြစ်ပါတယ်။ အဲဒီ ရင်သွေး မွေးဖွားခဲ့ပြီးနောက် မင်းသား ဟယ်ရီက ကလေးဟာ နည်းနည်းစော အချိန်စောမွေးခဲ့တာဖြစ်ပြီး နောက် ၂ ရက် လောက်ဆိုရင် လူတိုင်းက ကလေးကို ကြည့်နိုင်တော့မှာဖြစ်တဲ့အပြင် ကြေညာချက်တခု ထပ်ပြီး ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုထားပါတယ်။
ကလေးမီးဖွားတဲ့အချိန်မှာ ရှိနေခဲ့တာ ဘယ်လိုနေလဲ ဆိုတဲ့ မေးခွန်းကိုတော့ မင်းသား ဟယ်ရီက “ကလေးမီးဖွားတဲ့နေရာမှာ ကျနော် မနေခဲ့ဖူးပါဘူး။ ဒါ ကျနော့်ရဲ့ ကလေးမီးဖွားနေတဲ့အချိန်မှာ ပထမဆုံးအကြိမ် ရှိခဲ့တာပါ။ တော်တော်လေးကို အံ့သြဖို့ကောင်းပါတယ်။ ထူးခြားတယ်။ ပြီးတော့ ကျနော့်ဇနီးအတွက်လည်း တော်တော်လေးကို ဂုဏ်ယူပါတယ်”လို့ ဆိုပါတယ်။
Buckingham နန်းတော်ရဲ့အဆိုအရ “ဘုရင်မကြီး၊ Edinburgh မြို့စားကြီး၊ ဝေလမင်းသား၊ Cornwall မြို့စားကတော်၊ Cambridge မြို့စားနဲ့ မြို့စားကတော်၊ Lady Jane Fellowes၊ Sarah McCorquodale နဲ့ Earl Spencer တို့ဟာလည်း အခုလိုမျိုးသတင်းကို သိရှိပြီး ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။
မင်းသမီး မီဂန်ရဲ့ မိခင် Doria Ragland ကတော့ သူ့ရဲ့ ပထမဆုံးမြေးလေး မွေးဖွားလာတာကို သိရှိပြီး တော်တော်လေး ပျော်ရွှင်နေခဲ့တယ်လို့ ဆိုပါတယ်။
Ref:bbc