မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မိုက်တီးဟာ အူမကြီးကင်ဆာ ရောဂါဖြစ်ပွားနေပြီး ဆေးကုသရန် အာမခံ ရရှိထားကာ အခုအချိန်မှာတော့ ဆေး ၄ ကြိမ်သွင်းပြီးသွားပြီ ဖြစ်ပြီး ရောဂါကြောင့် ပိုးမွေးသလို မွေးနေရတယ်လို့ ညီမဖြစ်သူ သရုပ်ဆောင် လင်းဇာနည်ဇော်က ဆိုပါတယ်။
“အစ်ကိုက ရောဂါအရ ကျန်းမာရေးအရ အာမခံရထားတယ်။ တရားကလည်း ရင်ဆိုင်ရဆဲပါ။ လွတ်ပီလားလို့ မေးကြရင် အစ်ကိုက အမိန့်ချပြီးသား ထောင်ကျနေတဲ့သူ မဟုတ်တော့ လွတ်ငြိမ်းထဲ မပါခဲ့သေးဘူးပေါ့။ ဆရာဝန်က ပြောတယ်လေ။ ကင်ဆာရောဂါဆိုတာ စိတ်ညစ်လို့ မရဘူး။ ဒေါသထွက်လို့ မရဘူး။ ပျော်ပျော်နေဖို့ ပြောတယ်။ ဆရာဝန်ကြီးက ဘာစိတ်ညစ်စရာရှိလဲ မေးတယ်။ ကိုမိုက် ပျော်ပျော်နေပါလားလို့ ပြောလည်း သူကွင်းလုံးကျွတ် မပျော်နိုင်ဘူးပေါ့”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
“ရောဂါကလည်း တမျိုး။ အမှုရင်ဆိုင်နေရတာ အချိန်တန်ရင် ပြန်သွားရမှာပဲပြောတော့ ညီမ တယောက် အနေနဲ့ စိတ်မကောင်းဘူး။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်သွားသူတွေအတွက် ဝမ်းသာသလို ကျမ အစ်ကိုလည်း တနည်းနည်းနဲ့ ပါသွားရင်ကောင်းမှာပဲလို့ စိတ်ထဲမှာ တွေးမိတယ်”
“အစ်ကိုက အူမကြီးကင်ဆာ။ သူကအခု ကီမို ၄ ကြိမ် သွင်းပြီးပါပြီ။ ဆရာဝန်ကြီးကတော့ သူ့ကို ၆ ကြိမ် သွင်းရမယ် ပြောထားတယ်။ သူ့ကို ဆေးတွေ သွင်းချိန်မှာ ခံရတယ်။ အဲ့ဆေးသွင်းချိန်မှာ လူ ခံရတယ်။ အဲ့လို မခံရအောင် အာဟာရဖြစ်အောင် ကျွေးနေရတာပေါ့။ ပိုးမွေးသလို မွေးနေရတာပေါ့။ ကင်ဆာဆိုတာ အမြစ်ပျက်တယ်လို့ မရှိဘူးလေ။ ကလေးတယောက်လို ပြုစုရတာပေါ့။ အိမ်မှာပဲ နားနေလို့ရတယ်”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
ဖခင်ကြီးကိုလည်း ပြုစုခဲ့ရတဲ့ လင်းဇာနည်ဇော်တို့ ညီမက အခု အစ်ကိုဖြစ်သူကို ဆက်လက်ပြီး ဂရုစိုက်ပေးနေရတာ ကွယ်လွန်သွားတဲ့ အဖေထားပေးခဲ့တဲ့ အမွေလို့ ဆိုပါတယ်။
“သူက အရင်ကတည်းက အိမ်စောင့်နတ်က လက်မခံတဲ့သူဆိုတော့ အခုအိမ်မှာ နေရတာကို သူတော်တော် စိတ်ညစ်တာပေါ့။ အစ်မတို့ အပြင်သွားရင် ဖုန်းဆက်နေတာ ဘယ်မှာလဲ ပြန်မလာသေးဘူးလားနဲ့။ အစ်မတို့ ကလေးတယောက်အိမ်မှာ ထားခဲ့ရသလိုပါပဲ။ အစ်မတို့ ပြန်ရောက်ရင်တော့ သူနားမှာနေပေးပြီး သူစားချင်တာတွေ လုပ်ပေးတယ်”
“သူ့ကိုပြောဖြစ်တယ်။ အချိန်ကို အကျိုးရှိအောင် ဖြုန်းစေချင်တယ်။ ကုသိုလ်ရေးလုပ်ပြီး ဖြုန်းမလား။ တရားထိုင်ပြီး ဖြုန်းမလား။ ကိုယ့်အတွက် ကျန်မယ့် အလုပ်လုပ်ရင်းဖြုန်းမလားပေါ့။ လောလောဆယ်တော့ ကျန်းမာရေးလည်းရှိနေတော့ ခေါင်းသိပ်မသုံးနိင်သေးဘူး။ တရားထိုင်တာတို့ ဘာတို့အရင်က သိပ်မလုပ်ဖြစ်ဘူး။ အခု ပိုလုပ်ဖြစ်တယ်။ သူ့ကိုကြည့်ရင် ပွစိပွစိနဲ့ ဘုရားစာ ရွတ်နေတယ်။ တခါတလေကျ စန္ဒယားတီးတယ်။ အဲ့လောက်လေးတွေပဲလုပ်နိုင်တယ်”
“အရင်တုန်းကတော့ အဖေပေါ့လေ ကလေးက။ အခု အဖေ မရှိချိန်မှာတော့ အဖေ့ကိုယ်စား အစ်ကိုက အဖေက ထားပေးသွားတဲ့ အမွေပေါ့။ သာနေချိန်မှာထက် နာနေချိန်မှာ ပရိသတ်ရဲ့အားကလည်း အစ်မတို့ကို အင်အားတွေ ပြည့်စေပါတယ်။ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို သိပ်လုပ်ကိုင်တာ မတွေ့ရတော့ဘဲ အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ပွဲတွေတော်တော်များများမှာ ဝါသနာအရ ရွှေတောင်ခေါက်ဆွဲလုပ်ငန်းကို လုပ်ကိုင်နေရုံသာမက ကိုယ်ပိုင်ထုတ်လုပ်ရေး တခုကိုပါ တည်ထောင်ထားတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ထုတ်လုပ်ရေးကနေ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားအဖြစ် ” မြန်မာပေါကားတွေ ရပ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားပါတယ်။