မကြာခင် ရုံတင်ပြသတော့မယ့် သက်ငယ် မုဒိမ်းပညာပေး “ဟစ်တိုင်”ရုပ်ရှင်ကားကြီးမှာ အကယ်ဒမီအိန္ဒြာကျော်ဇင်က ‘ဒေါင်းနီ’အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ အကောင်းဆုံးကြိုးစားပြင်ဆင်ခဲ့ရတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။
“ဒေါင်းနီ ကာရိုက်တာကို ပီပြင်အောင်တော့ အူဝဲ အကောင်းဆုံး ကြိုးစားထားပါတယ်။ တကယ့်ဒေါင်းနီ ဇာတ်ရုပ်အတိုင်းဖြစ်အောင် စိတ်တွေရော၊ ပုံပန်း သဏ္ဍာန်တွေကအစ အများကြီး ဖြစ်အောင် အူဝဲ ကြိုးစား ထားပါတယ်”လို့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က ဧရာဝတီကို ပြောပါတယ်။ ဒီကားကို လက်ခံ ရိုက်ကူးဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း အခုလို ဆိုပါတယ်။
“ဆရာမ သျှင်မရဲ့ ဒီဝတ္ထုထဲမှာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်တဲ့ ပညာပေးတွေ ပါတယ်။ အမေတွေ၊ မိသားစုတွေ အားလုံး သက်ငယ် မုဒိမ်းပညာပေးကို ရစေချင်တယ်။ ဒီကား ရိုက်ရင် ခက်ခဲမယ်၊ ပင်ပန်းမယ်ဆိုတာ သိလျက်နဲ့ နယ်မှာနေတဲ့ အမေတွေ အားလုံးအတွက် အသိပညာရစေဖို့ ရိုက်ရတာဖြစ်ပါတယ်။ အများကြီးလည်း ကြိုးစားခဲ့ပါတယ်။ ဇာတ်လမ်းထဲက ဒေါင်းနီက စိတ်ဓာတ် ခိုင်မာနေတဲ့ မုဆိုးမ တယောက်ပေါ့”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
“ဆရာမ သျှင်မ ဝတ္ထုဖတ်ကြည့်ချိန်မှာ တော်တော် ရင်ထဲထိခဲ့တယ်။ သက်ငယ် မုဒိမ်း ပညာပေးလည်း ပါတယ်။ တချိန်တည်းနဲ့လည်း ဒီဝတ္ထုကို ဖတ်လို့မရဘူး။ ရင်ထဲမှာ ဆို့နေတာကြောင့်ပါ။ ခဏအနားယူပြီးမှ ဖတ်ရပါတယ်”လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။
“ဟစ်တိုင်”ဇာတ်ကားရိုက်ကူးချိန်မှာ Mood သွင်းရင်း အကြောတွေကပ်သွားခဲ့တယ်လို့ ဆိုပြီး သရုပ်ဆောင်တုန်းက Mood သွင်းထားတာကြောင့် မောပြီး ရပ်ခဲ့လို့ မရဘူးလို့လည်း ဆိုပါတယ်။
“အကြောတွေပါ ကပ်လာခဲ့ပါတယ်။ အူဝဲ နောက်ဆုံး အော်လိုက်တဲ့ အခန်းပေါ့။ အော်တဲ့အချိန်မှာ ဒါရိုက်တာက ကဒ်လို့ပြောတဲ့အချိန်မှာတောင် အူဝဲအနေနဲ့ မုဒ်တွေက ရပ်လို့မရတော့ဘဲ မောပြီး ခြေတွေ၊ လက်တွေတုန်ပြီးတော့ အကြောတွေပါ ကပ်သွားပါတယ်။ အကုန်လုံးက ဝိုင်းပြီး ဖြည်ပေးခဲ့ရတယ်။ အူဝဲ စိတ်အရမ်း ရောက်သွားလို့ ထင်ပါတယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ဆက်လက်ပြီး “စိတ်ကတော့ အရမ်းကို ပင်ပန်းတယ်။ လူလည်း အရမ်းကို ပင်ပန်းခဲ့ပါတယ်။ တည်းတဲ့ နေရာကနေ မနက် ရိုက်ကူးမယ့် နေရာကို ရောက်ဖို့က ၁ နာရီကျော်ကျော်လောက် ကားမောင်း သွားရတယ်။ ဇာတ်ကားရိုက်ချိန်မှာ ရွာတွေ ၊နယ်တွေအများကြီးက လူသောင်းချီပြီးတော့ လာအားပေးကြတယ်။ ရှုတင် တည်လို့ မရတဲ့ အခြေအနေတွေ ဖြစ်ပြီးတော့ ရိုက်ကူးရက်တွေ ဖျက်လိုက်ရတာတွေလည်း ရှိပါတယ်”
“ရိုက်ကူးရတာ အခက်အခဲဖြစ်ပေမယ့် ကိုယ့်ကိုချစ်လို့ လာအားပေးကြတယ်ဆိုတဲ့ စိတ်နဲ့တင် ကျေးဇူးတင်တယ်။ နောက်စိတ်ပင်ပန်းမှုကတော့ မရိုက်ခင် ဝတ္ထုဖတ်ထဲက ဒေါင်းနီနေရာမှာ သူ့သမီးတယောက်နဲ့ ပတ်သက်ပြီး ခံစားချက်က အရမ်းကို ရင်ထဲမှာ ဆို့နင့်နေတယ်။ အမေတိုင်းလည်း ဒီလိုကိစ္စမျိုးကြုံရင် ဒီလိုပဲ ခံစားရမှာပဲလေ”
“ခက်ခဲတဲ့ အခန်းမှာအရမ်း ခံစားရတဲ့ Mood တွေ ရိုက်ပြီးချိန်မှာ လူကိုထိတဲ့ အပိုင်းတွေအထိ စိတ်နှစ်လုပ်ခဲ့တယ်။ အဓိကတော့ ဒေါင်းနီဖြစ်တဲ့အတိုင်း အပြင်မှာ ကိုယ်တကယ် ဖြစ်နေတဲ့အတိုင်းကို ရိုက်ခဲ့ပါတယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ဒီနေ့အထိ ကြားသိမြင်တွေ့နေရဆဲ သက်ငယ်မုဒိမ်းကိစ္စတွေအတွက် တောင်းဆိုချင်တဲ့ ဆန္ဒနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။
“အဲလိုကိစ္စက ခုချိန်မှာ ပိုလည်းကြားနေရတယ်။ ပိုဆိုးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း Facebook ကျယ်ကျယ်ပြန့်ပြန့် သုံးလာတာကြောင့် ချက်ချင်းသိရတယ်။ အဲ့အဖြစ်မျိုးတွေ Facebook မှာ တက်လာရင် ကိုယ်က ဘယ်လိုမှကို မခံနိုင်ဘူး။ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး အဖေတွေ၊ အမေတွေ၊ မိသားစု အားလုံး ဘယ်သူမှ ခံစားနိုင်မှာတော့ မဟုတ်ဘူး”
“ဒီလိုလူမျိုးတွေ မလုပ်အောင်၊ မလုပ်မိအောင် ထိထိရောက်ရောက်တော့ လုပ်စေချင်ပါတယ်။ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စမို့ ထိထိရောက်ရောက်ကို တားဆီးပေးစေချင်ပါတယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ “ဟစ်တိုင်”ရုပ်ရှင်ဇာတ်ကားကိုတော့ မေလ ၁၆ ရက်နေ့မှာ စတင် ရုံတင်ပြသမှာ ဖြစ်ပါတယ်။