အစီအစဉ် တင်ဆက်သူအပြင် သရုပ်ဆောင်ပါ လုပ်လာတဲ့ ကျော်ထက်အောင်က သူပါဝင် သရုပ်ဆောင်ထားတဲ့ “စရိုက်”ရုပ်ရှင်ဟာ မကြာခင် ရုံတင်ပြသတော့မှာဖြစ်ပြီး ဒီဇာတ်ကားဟာ သူ့အတွက် ဘဝမှတ်တိုင်တခု ဖြစ်စေမယ့် ဇာတ်ကားတကားလို့ ဆိုပါတယ်။
“မေလ ၃၀ ရက်နေ့ “စရိုက်” ဇာတ်ကားလေး ရုံတင်ပါပြီ။ အချိန်က ၂နှစ်ရှိပြီပေါ့။ ၂နှစ်ကျော်လောက်မှာ ရုံတင်ရတာပေါ့။ ဒါရိုက်တာ သြရသရယ်၊ တချိန်လုံး အတူတူ သရုပ်ဆောင်ရတဲ့ မခိုင်လေး သူတို့ရဲ့သင်ကြားပေးမှုတွေ ဆွဲခေါ်ပေးမှုတွေကြောင့် ကျနော် သရုပ်ဆောင်ရတာ အဆင်ပြေပြေနဲ့ သရုပ်ဆောင်ပီပြင်ခဲ့တာပါ။ ကျနော့်အတွက် ဘဝမှတ်တိုင် တခုပါပဲ”လို့ ကျော်ထက်အောင်က ပြောပါတယ်။
“မှတ်မှတ်ရရ ဖြစ်စေမယ့် ကားတကားလည်း ဖြစ်ပါတယ်။ Trailer က ထွက်တာ ကြာသွားပြီ။ ပရိသတ်တွေကိုလည်း ပြန်နိုးရမှာပေါ့။ ကြမ်းတယ်ဆိုတာကလည်း ဘယ်လို လူတန်းစားမျိုး၊ ဘယ်လို စိတ်ဓာတ်တွေရှိတယ်၊ ဘယ်လိုမျိုး အနေအထားတွေဆိုတာကို ရိုက်ပြတာပါ။ ဘာပြဿနာတွေဖြစ်လို့ ဆိုတာကို ဖော်ပြပြီး ရိုက်ပြတာပေါ့”
“ကျနော်တို့ နိုင်ငံမှာ လူအလွှာပေါင်း များစွာ ရှိတယ်။ ဘယ်အလွှာကို ဦးတည်ပြီးတော့ ဘယ်အလွှာက လူတန်းစားတွေလည်း ဘယ်လိုစိတ်ဓာတ်လေးတွေ ရှိနိုင်တယ်ဆိုတာကို ရိုက်ပြတာပါ”လို့ ကျော်ထက်အောင် က ဆိုပါတယ်။
ဒီဇာတ်ကားအတွက် ကာရိုက်ဝင်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ပြီး ဒီရုပ်ရှင်ကားကို ကြည့်ပြီးရင်လည်း ဝေဖန်ပေးပါဦးလို့ ကျော်ထက်အောင်က ဆိုပါတယ်။
“ကျနော် စရိုက်မှာ ကာရိုက်တာဝင်ဖို့ပဲ ကြိုးစားထားတယ်။ လှချင်တာတွေ မိတ်ကပ် လိမ်းချင်တာ တွေကို ဖျောက်ပြစ်ရမယ်။ ကာရိုက်က ဘယ်သူတွေကို ရည်ရွယ်ချက်ပေးမှာလဲ။ ဒီကာရိုက်တာက ဘယ်သူ့ကို ကိုယ်စားပြုမှာလဲဆိုတဲ့ စိတ်နဲ့ပဲပေါ့”
“အာလုံးရဲ့သင်ကြား ပြသမှုတွေလည်း အများကြီးပါပါတယ်။ အဝတ်အစားတွေဆိုလည်း ကားနောက်ခန်းမှာ လုံးချေ ထားရတယ်။ ဖြန့် မထားရဘူး။ ညစ်ပတ် နံစော်လည်း ပြန်ဝတ်ပြီး ရိုက်ခဲ့ရတယ်။ စရိုက် ရုံတင်ရင်လည်း အားပေးဝေဖန်ကြပါဦးလို့ ပြောချင်ပါတယ်”လို့ ကျော်ထက်အောင်က ပြောပါတယ်။
ကျော်ထက်အောင်ကိုတော့ Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာ အစီအစဉ် တင်ဆက်သူတဦးအဖြစ် ဆောင်ရွက်ရာမှ ပရိသတ်တွေ အားပေးမှုရရှိခဲ့ပြီး နောက်ပိုင်း သရုပ်ဆာင်တဦးအနေနဲ့ ရုပ်ရှင် ဇာတ်ကားများကို ဆက်တိုက် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ချူဆီ” ဇာတ်ကားကိုလည်း ပရိသတ်များက အထူး အားပေးခဲ့ကြပါတယ်။