ဒါရိုက်တာ ခရစ္စတီးနားခီက ဇာတ်ကားရိုက်ဖို့ ဇာတ်ညွှန်း ရေးသားရာမှာ ဆင်ဆာမိမှာကို စိုးရိမ်ရတဲ့အတွက် ဇာတ်ညွှန်းရေးသားဖို့ အရမ်းကြောက်လာတယ်လို့ ဆိုပါတယ်။
“နိုင်ငံတကာကားတွေကို အရမ်း မမီသေးပါဘူး။ ပထမဆုံးက အင်တာနေရှင်နယ်ပဲဖြစ်ဖြစ် မြန်မာပဲဖြစ်ဖြစ်ပေါ့။ ရုပ်ရှင်ကြည့်သူဟာ ကျမတို့ ဘာအခက်အခဲတွေ ဖြစ်နေပါတယ်၊ ဘာတွေ ရင်ဆိုင်နေရပါတယ် ဆိုတာကို သူတို့ မကြားချင်ဘူး။ သူတို့ ပိုက်ဆံ ကုန်ရကျိုးနပ်ပြီး Story Telling တခုကို ချပြတဲ့ အချိန်က ၂ နာရီ အတွင်းမှာ Entertainment တခုခု ပေးနိုင်ရမယ်။ ငိုတာပဲဖြစ်ဖြစ်၊ ရယ်ရတာပဲဖြစ်ဖြစ် ရသ တခုကို ပေးနိုင်လိုက်ရင် ရောင်းချင်တာကို ရောင်းလို့ ရတာပေါ့”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
“ယိုးဒယား Market တို့၊ အိန္ဒိယ Market တို့က ဒီဟာကို အခြေကျခဲ့တာ လွန်ခဲ့သော ၁၀ နှစ်လောက်က စတယ်လို့ ပြောရမယ်။ သူတို့က နိုင်ငံရဲ့အပြောင်းအလဲမှာ ရုပ်ရှင် အပြောင်းအလဲ ပါပါသွားတယ်။ အဲ့လို အပြောင်းအလဲကို လိုချင်ရင် ကျမတို့ကို ဟိုဟာ မရိုက်ပါနဲ့၊ ဒီဟာ မရိုက်ပါနဲ့ လုပ်လို့ မရပါဘူး။ ကျမ ဒုတိယ ဇာတ်ညွှန်းလုံးဝ မထွက်တော့ဘူး”
“ကျမ အရမ်းကြောက်လာတယ်။ ဒါက ဆင်ဆာမိမှာလား၊ ဒါက ဆင်ဆာ မမိဘူးလား။ ဒါကဘာဖြစ်မှာလဲ ဆိုတာ မသိတော့ချိန်မှာ အားမရတဲ့စိတ်နဲ့ အဲ့ဇာတ်ညွှန်းကြီးက လုံးဝ ထွက်မလာတော့ဘူး။ ကိုဇဏ်ခီကတော့ စိတ်ရှင်းတော့ ကြိုက်ချင် ကြိုက်၊ မကြိုက်ချင်နေဆိုပြီး ရေးနိုင်တယ်။ ကိုယ်ပြချင်တဲ့ ဇာတ်လမ်း ဆိုတာ ရှိကို ရှိရမယ်။ ကိုယ်ပြချင်တဲ့အချိန်မှာ ချဉ်ချဉ်လေးစားချင်တဲ့အချိန်မှာ ချဉ်ချဉ်လေး စားလိုက်ရရင် အရသာရှိသလိုပဲ။ ကိုယ်ပြချင်တာကလည်း ချဉ်တူးခါးနေတာကို ပြချင်တယ်ဆိုရင် ချဉ်တူးခါးနေတဲ့အရသာကို ပြကို ပြနိုင်ရမယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။
“မပြနိုင်ဘဲ ကျမကို အချိုကျွေးပါ ဆိုတော့ ကျမ အချဉ်ဖော်ဖြစ်နေချိန်မှာ အဲ့ဒီဟာရဲ့ ဟန်ဆောင်နေမှုအနုပညာကပါကို ပါသွားပြီ၊ သူများနိုင်ငံက ၁၀၀ ရာခိုင်နှုန်းထည့်ရင် ၁၀၀ ရာခိုင်နှုန်း ရောက်သွားတယ်။ ဒီက မရောက်ဘူး။ နောက်တခုက ဘတ်ဂျက် ဆိုပြီး အခက်အခဲဖြစ်တယ်။ ရုံတွေ အခက်အခဲရှိတယ်”လို့လည်း ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
ထုတ်လုပ်သူတယောက်အနေနဲ့ နေလိုက်ချိန်မှာ Market ကို ဆင်းပြီးလေ့လာခဲ့တဲ့ ခရစ္စတီးနားခီက ရုပ်ရှင်ကတော့ ရိုက်တဲ့သူရဲ့ တာဝန်ယူမှုက အကြီးကြီးဖြစ်နေတယ်လို့ဆိုပါတယ်။
“ထုတ်လုပ်သူတယောက်အနေနဲ့ နေလိုက်ချိန်မှာ Market ကို ဆင်းပြီးလေ့လာတော့ Market မှာ ဘာကို တွေ့ရလဲဆိုတော့ စိတ်ခံစားမှု အရမ်းပြင်းထန်တဲ့ ကားတွေကို မကြည့်ချင်ကြဘူး။ သူတို့ မိသားစုဘဝတွေမှာကိုက နေထိုင်ရတာ သိပ်ဒုက္ခရောက်ကြတာတွေ များနေတဲ့အတွက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါးကို ကြည့်ချင်တဲ့ ပရိသတ်လည်း ရှိတယ်”
“ပေါ့ပေါ့ပါးပါး မဟုတ်ဘဲ လေးလေးနက်နက် ကားတွေကျရင်တော့ တကယ်ကို အိုက်တင်တွေ ထိထိရောက်ရောက်နဲ့ ဇာတ်လမ်းနေရာပါ ချိတ်မိတဲ့ ကားလေးတွေကို ပိုကြည့်ချင်တဲ့ သဘောမှာ တွေ့ရတယ်။ တဖက်မှာ ရိုက်နေတဲ့ Drama တွေက မပီပြင်ဘူး။ ဇာတ်လမ်းကလည်း မချိတ်မိဘူးဆိုရင် သူတို့ကပေါ့ပေါ့ပါးပါးပျော်တဲ့ဘက်ကို ရောက်သွားမှာပဲပေါ့။ ရုပ်ရှင်ကတော့ ရိုက်တဲ့သူရဲ့ တာဝန်ယူမှုက အကြီးကြီးဖြစ်သွားတာပေါ့”လို့ ခရစ္စတီးနားခီက ပြောပါတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီကတော့ မြန်မာရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးပြီး နိုင်ငံတကာကို ချပြနိုင်ဖို့ အတွက် ၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာ အခြေချပြီး ရန်ကုန်မြို့မှာ Central Base Production ကို တည်ထောင်ထားပါတယ်။ ခရစ္စတီးနားခီ ဖန်တီးထားတဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကား “Now & Ever” (ထာဝရနှောင်ကြိုး) ကိုလည်း မကြာသေးခင်က ရိုက်ကူးပြီးစီးခဲ့ပြီး ပရိသတ်ကို ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။