သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ၊ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတို့ဟာ ပြည်သူတွေ ချီးမြှင့်တဲ့ ပြည်သူ့ အကယ်ဒမီဆုတွေကို ရရှိခဲ့ပါတယ်။ ဒီဆုတွေကိုတော့ မေလ ၁၂ ရက်နေ့က ချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။ ဆုရရှိခဲ့တဲ့အတွက် ဇဏ်ခီတို့ ဇနီးမောင်နှံက ရှေ့လျှောက်သွားမယ့် လမ်းအတွက် အားအရမ်းဖြစ်စေသလို ဖော်ပြမတတ်အောင် ဝမ်းသာရပါတယ်လို့ ဆိုပါတယ်။
ပြည်သူ့အကယ်ဒမီ ဆုရရှိခဲ့တဲ့အပေါ် သရုပ်ဆောင် ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီ၊ ဒါရိုက်တာ ဏကြီးနဲ့ ဇနီးဖြစ်သူ ပိုင်ဖြိုးသုတို့က ဝမ်းသာစကားများကို အခုလိုပဲ အသီးသီး ဆိုထားကြပါတယ်။
သရုပ်ဆောင် ဇဏ်ခီ
လုံးဝ ဖော်ပြမတတ်အောင် ဝမ်းသာရပါတယ်။ အွန်လိုင်းမှာ သူတို့ စီစဉ်နေကတည်းက တော်တော်ကြာပြီလေ။ ဒီလို ဆုပေးပွဲက ၁၉၆၀ လောက်က တခေါက် ဖြစ်ခဲ့ဖူးတယ်။ ဒါက ဒုတိယအကြိမ်ဖြစ်တာ ဆိုတော့ ပိုပြီး ဂုဏ်ယူရတာပေ့ါ။ ကျနော်တို့ ရှေ့လျှောက်သွားမယ့် လမ်းအတွက် အားအရမ်းဖြစ်စေတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီ
အရမ်းဝမ်းသာပါတယ်။ လမ်းကြောင်းနှစ်ခု ရှိနေတဲ့ထဲမှာမှ လမ်းကြောင်း နောက်တခုအနေနဲ့ ရပ်တည်နေရတယ်။ ရပ်တည်နေချိန် ပရိသတ်က လာထွက်ကြည့်တယ်။ နှစ်အစလောက်က ဆိုတော့ ကျမတို့ရုပ်ရှင်ကို မေ့သွားပြီလို့ပြောတာနဲ့ ကျမတို့ကို တချို့ဆိုပေါ်ပင်လို့တောင် ထင်ကြတယ်။ တကယ် အကယ်ဒမီပေးပွဲမှာ ကျမတို့က ပေါ်ပင် မဟုတ်ဘူးဆိုတာ ထွက်ပြောပြပေးတဲ့အတွက် ကျမတို့ အနေနဲ့လည်း အလုပ်လုပ်ရတာ ပိုအဆင်ပြေလာတယ်။ သူများတွေနဲ့ ရိုက်ကူးတဲ့အခါမှာလည်း ကျမဖြစ်ချင်တာ ကျမ လုပ်ချင်တာလေးတွေနဲ့ စကားပြောချိန်မှာ ပိုပြီးတော့ အဆင်ပြေသွားပါတယ်။
ဒါရိုက်တာ ဏကြီး
ပြည်သူ့အကယ်မီဆိုတော့ ပြည်သူက ပေးတာပေါ့။ ပရိသတ်တွေကို အရမ်း ကျေးဇူးတင်ပါတယ်။ ဒီလိုပွဲဖြစ်အောင် စီစဉ်ပေးတဲ့ အစ်ကိုကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ နယ်ကနေလည်း ဒီလိုဆုပေးဖို့အတွက် ကြိုးစားပေးကြတယ်လို့ ကြားတယ်။ ပွဲကိုလည်း ရောက်အောင် လာကြတယ်။ တအား ဝမ်းသာမိတယ်။ နောက်လုပ်မယ့် အလုပ်တွေအတွက် အားရတယ်လို့ ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုရှိတာပေါ့။
သရုပ်ဆောင် ပိုင်ဖြိုးသု
ပရိသတ်တွေ အခုလို ဆုပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ သုတို့ “မီ” ဇာတ်ကားနဲ့ ပတ်သက်ရင် သုတို့ကို ဝန်းရံပေးခဲ့တာ သုတို့ကိုရပ်တည်ပေးခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ အဲ့အတွက် ပရိသတ်တွေကို ပြောမပြနိုင်လောက်အောင် ကျေးဇူးတင်ပါတယ်။
ခီမောင်နှံနဲ့ မီမောင်နှံလို့ တင်စားကြတဲ့ သူတို့အတွက် ပြည်သူ့အကယ်ဒမီ ဆုပေးပွဲမှာ ဆုကြေးငွေ ၃၂ သိန်း ၇ သောင်းနဲ့အတူ အကယ်ဒမီ ဆုတံဆိပ်များကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့အကယ်ဒမီပေးပွဲကို ပရိသတ်တဦးဖြစ်သူ ကိုစိုးသီဟနောင်(IT နည်းပညာရှင်)က စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ရရှိတဲ့ ချီးမြှင့်ငွေများကို ဒါရိုက်တာဏကြီး နဲ့ ပိုင်ဖြိုးသု တို့ မီမောင်နှံတို့ကတော့ နာမကျန်းဖြစ်နေတဲ့ ရုပ်ရှင်လောကက သူတွေကို လှူဒါန်းသွားဖို့ စီစဉ်ထားကြပြီး ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနား ခီမောင်နှံတို့ကတော့ အခုရရှိလာတဲ့ငွေကို မတည်ငွေအဖြစ် ထားပြီး ဖောင်ဒေးရှင်းတခု လုပ်ချင်တယ်လို့ ပြောပါတယ်။