ဝတ္ထုနဲ့တူတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေက လက်ခံကြတယ်လို့ပြောတဲ့ ဒါရိုက်တာ ဏကြီးက သူရိုက်ကူးမယ့် ဇာတ်ကားတွေမှာတော့ မူရင်း စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ ပေးချင်တဲ့ရသကို မပြောင်းဘဲ ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။
“ဝတ္ထုနဲ့တူတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေက လက်ခံကြတယ်။ ဝတ္ထုသဘောနဲ့ ဇာတ်ညွှန်းသဘောနဲ့က ကျတော့ လုံးဝ မတူတဲ့ အပိုင်းအခြားတွေပါ။ မီဝတ္ထုနဲ့ မီဇာတ်ညွှန်း ယှဉ်ကြည့်လိုက်ရင် ကွဲပြားမှုတွေ တွေ့ရလိမ့်မယ်။ ဆရာမကြီး ကြည်အေးက ၄ ကြောင်းလောက်ကို တပတ်လောက် ရေးတာ။ ကျနော်ပြန် ရိုက်တော့ ၄ ဆင်းန်ခွဲပြီး Location ၃ ခု ခွဲရတယ်”
“ဇာတ်ညွှန်းနဲ့ရုပ်ရှင်မှာတောင် ပြန်ပြီးကွဲတာတွေ ရှိတယ်။ နောက်လည်း ဝတ္ထုရိုက်မယ့်သူ ဆိုတော့ ကြိုပြီးပြောပြထားတာပါ။ စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ ပရိသတ်က ခိုင်ခိုင်မာမာရှိတယ်။ ကျနော် “မီ” ရိုက်တော့လည်း ဆရာမကြီး ပရိသတ်တွေက ကျနော်ကို လက်ခံခဲ့လို့သာ ရုပ်ရှင်တကားအနေနဲ့ ကျန်တဲ့ ရုပ်ရှင်ပရိသတ်ကပါ လိုက်ပြီး တန်ဖိုးလည်းထားတယ်။ အလေးလည်းထားတယ်။ စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ ပေးချင်တဲ့ရသကို မပြောင်းဘဲ ရုပ်ရှင်မှာ ပါအောင်တော့ ပြန်သုံးပေးရမယ်”လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
ရိုက်ချင်တဲ့ အမျိုးအစား၊ ရိုက်ချင်တဲ့ ဇာတ်၊ သာမန်ထက် သွေဖယ်တာ အရိုက်များတဲ့အတွက် ပရိသတ်တွေရှိနေပေးတာ အားရှိတယ်လို့ ဒါရိုက်တာ ဏကြီးက ဆိုပါတယ်။
“ကျနော်တို့အတွက်ကတော့ ပရိသတ်က အားတခုပဲ။ ကျနော် ရိုက်ချင်တဲ့ အမျိုးအစား၊ ရိုက်ချင်တဲ့ ဇာတ်၊သာမန်ထက် သွေဖယ်တာ များတယ်။ ကိုယ့်လမ်းကိုယ် လျှောက်ချင်တာ များတဲ့အတွက် ကျနော်တို့ကို အနောက်ကနေ အားပေးမယ့်သူ လိုကိုလိုအပ်တယ်။ ပရိသတ် မရှိရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလာတာပေါ့။ ငါလုပ်လို့ဖြစ်ပါ့မလား ဆိုတာ ဖြစ်လာတဲ့အတွက် အခုလိုမျိုး ပရိသတ်တွေ ရှိတာသိရတော့ အားရှိတယ်”လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
ဒါရိုက်တာ ဏကြီးဟာ ကြော်ငြာများနဲ့ တေးသီချင်း Music Video တွေကိုရိုက်ကူးခဲ့ပြီး “မီ” ဇာတ်ကားကြီးကိုလည်း ပထမဆုံးဇာတ်ကားကြီး အဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ Star Awards ဆုချီးမြှင့်ပွဲမှာလည်း Best Cinematography Award ကို ဒါရိုက်တာ ဏကြီးက ရရှိခဲ့သလို ASEAN International Film Festival & Awards မှာလည်း ဆုရရှိခဲ့ပါတယ်။