Entertainment

"အမေများနေ့"မှာ မင်းသမီး ဒိုင်ယာနာကို ဂုဏ်ပြုခဲ့တဲ့ မီဂန်မာကယ်

ယခုနှစ် “အမေများနေ့”ကတော့ မင်းသမီး မီဂန်မာကယ်အတွက် အထူးနေ့ ဖြစ်ပါတယ်။ အကြောင်းကတော့ သူက လောလောလတ်လတ် မိခင်တယောက် ဖြစ်ထားတာကြောင့်ပါ။

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ရရှိထားတဲ့ ပထမဆုံးသားယောကျာ်းလေး Archie Harrison Mountbatten-Windsor ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မီးဖွားထားတဲ့ Sussex မြို့စားကတော် မီဂန်မာကယ်က သူ့ရဲ့ တော်ဝင် ရင်သွေးလေးရဲ့ ဓာတ်ပုံအသစ်တပုံကို Instagram မှာ ဝေမျှခဲ့ပါတယ်။

မေလ ၁၂ ရက်၊ တနင်္ဂနွေနေ့မှာ တင်ခဲ့တဲ့ ဓာတ်ပုံမှာတော့ ကလေးရဲ့ မျက်နှာကို မမြင်တွေ့ရပေမယ့် ချစ်စဖွယ် ကလေးရဲ့ ခြေထောက်လေးကို ပြသထားတာတွေ့ရပါတယ်။ မင်းသမီး မီဂန်ကတော့ သားဖြစ်သူရဲ့ ခြေထောက်လေးကို တယုတယနဲ့ ကိုင်တွယ်ထားခဲ့တာ ဖြစ်ပါတယ်။

ပုံစာမှာတော့ “ဒီနေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ အရင်တုန်းက၊ အခုလက်ရှိနဲ့ မကြာခင် မိခင်ဖြစ်လာတော့မယ့်သူတွေ၊ ပျောက်ဆုံးသွားခဲ့ပေမယ့် ထာဝရအမှတ်ရနေမယ့်သူတွေအတွက် ဂုဏ်ပြုပါတယ်။ ကျမတို့ဟာ တယောက်ချင်းစီတိုင်းနဲ့ လူတိုင်းကို ဂုဏ်ယူပြီး အမှတ်ရနေပါတယ်။ ဒီနေ့ဟာ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ တောင်အာဖရိက ကင်ညာ၊ ဂျပန်နှင့် ဥရောပတလွှားက နိုင်ငံတော်တော်များများမှာ အမေများနေ့ ဖြစ်ပါတယ်”လို့ရေးသားခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံအသစ်မှာတော့ မင်းသမီး မီဂန်ဟာ မင်းသား ဟယ်ရီရဲ့ ကွယ်လွန်သူ မိခင် မင်းသမီး ဒိုင်ယာနာကိုပါ ဂုဏ်ပြုခဲ့တာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ နောက်ခံမှာ မင်းသမီး ဒိုင်ယာနာရဲ့ အကြိုက်ဆုံးပန်းဖြစ်တဲ့ ခင်မမေ့ပန်းကို ဖော်ပြခဲ့ပါတယ်။

တော်ဝင်သတင်းထောက် Victoria Murphy က “မင်းသမီး ဒိုင်ယာနာရဲ့ အကြိုက်ဆုံးပန်းဖြစ်တဲ့ ခင်မမေ့ပန်းကို ဒီဓာတ်ပုံရဲ့ နောက်ခံမှာ မြင်တွေ့ရပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

သားလေး Archie ကို ပြီးခဲ့တဲ့ မေလ ၆ ရက်၊ တနင်္လာနေ့မှာ ကိုယ်အလေးချိန် ၇ ပေါင် ၃ အောင်စနဲ့ မွေးဖွားခဲ့တာပါ။ သားတော် Sussex ဟာ ဗြိတိန်ထီးနန်းမှာတော့ နံပါတ် ၇ နေရာမှာရှိနေပြီး ဘုရင်မကြီးရဲ့ အဋ္ဌမမြောက် မြစ်တော် ဖြစ်ပါတယ်။

ဟယ်ရီနဲ့ မီဂန်တို့ဟာ သူတို့ရဲ့ သားလေးကို Windsor နန်းတော်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၁ ပုံနဲ့ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာပဲ ကမ္ဘာအနှံ့က ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့တာပါ။

Ref: aceshowbiz

Loading